အိမ်အကူမိန်းကလေးကို မျက်လုံးတစ်ဖက်ကွယ်၊ မျက်နှာတစ်ခြမ်းပျက်သည်အထိ အက်စစ်ဖြင့်ပက်ကာ ရှစ်နှစ်ကြာ ပိတ်လှောင်ခဲ့သူ အမျိုးသမီးနှစ်ဦးအား ဒုတိယအကြိမ် ချုပ်မိန့်တောင်းခံပြီး ဆက်လက်စစ်ဆေး

အိမ်အကူမိန်းကလေးကို မျက်လုံးတစ်ဖက်ကွယ်၊ မျက်နှာတစ်ခြမ်းပျက်သည်အထိ အက်စစ်ဖြင့်ပက်ကာ ရှစ်နှစ်ကြာ ပိတ်လှောင်ခဲ့သူ အမျိုးသမီးနှစ်ဦးအား ဒုတိယအကြိမ် ချုပ်မိန့်တောင်းခံပြီး ဆက်လက်စစ်ဆေး
Published 15 March 2018

အိမ်အကူမိန်းကလေးအား နှိပ်စက်ခဲ့သည့် အမျိုးသမီးနှစ်ဦးကို မတ် ၁၄ ရက်က ရုံးထုတ်လာစဉ်

အိမ်အကူမိန်းကလေးကို မျက်လုံးတစ်ဖက်ကွယ်၊ မျက်နှာတစ်ခြမ်းပျက်သည်အထိ အက်စစ်ဖြင့်ပက်ကာ ရှစ်နှစ်ကြာပိတ်လှောင်ခဲ့ကြသည့် အမျိုးသမီးနှစ်ဦးကို ချမ်းမြသာစည် မြို့နယ်တရားရုံးတွင် ဒုတိယအကြိမ် ချုပ်မိန့်တောင်းခံကာ ဆက်လက်စစ်ဆေးနေကြောင်း ချမ်းမြသာစည်မြို့နယ်တရားရုံးမှ သတင်းရရှိသည်။

“မတ် ၁ ရက်ကနေ ၁၄ ရက်အထိ ပထမအကြိမ် ချုပ်မိန့်ရမန်ပေးခဲ့ပါတယ်။ ဒီနေ့ကတော့ မတ် ၂၆ ရက်ထိ ဒုတိယအကြိမ် ရမန်ထပ်ပေးလိုက်ပါတယ်။ ဒီဒုတိယအကြိမ် ရမန်စေ့ရင်တော့ စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးမှာပဲ တရားစွဲဆိုရမှာဖြစ်ပါတယ်။ သူတို့ကို စွဲဆိုထားတဲ့ လူကုန်ကူးမှုပုဒ်မတွေက ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ရှိပါတယ်။ ဒါကြောင့် ချုပ်ရက်ရမန်စေ့ရင်လည်း ခရိုင်တရားရုံးမှာပဲ တရားစွဲဆိုရမှာ ဖြစ်ပါတယ်” ဟု ချမ်းမြသာစည်မြို့နယ်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောကြားသည်။

အက်စစ်ဖြင့်ပက်ခံရသဖြင့် မနန်းမေဇင်ဦး၏ ဘယ်ဘက်မျက်နှာတစ်ခြမ်း ဆိုးရွားစွာပျက်စီးခဲ့ရာ ပြန်လည်ကုသနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်း ဦးဆောင်ကာ ဆေးစစ်ပေးမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာတွင် နေထိုင်သည့် မနန်းမေဇင်ဦး (၂၅ နှစ်) အား ဒေါ်မိုးမိုးဆိုသူမှ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ ကုန်စုံဆိုင်တွင် တစ်လကျပ် ၁၀၀၀၀ ဖြင့် အလုပ်လုပ်ရန်ခေါ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်မိုးမိုးကုန်စုံဆိုင် ပိတ်လိုက်သဖြင့် ဒေါ်မိုးမိုး၏အစ်ကိုဖြစ်သူ ကုန်စုံဆိုင်သို့ ထပ်မံအလုပ်လုပ်ခဲ့ရကာ ထိုသို့အလုပ်လုပ်နေစဉ် ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ မနီနီနုနွယ်နှင့် သူမသူငယ်ချင်းများနှင့် သြင်္ကန်လည်ခဲ့ကြောင်း သိရသည်။

ထိုသို့သြင်္ကန်လည်စဉ် မနီနီနုနွယ်၏ သူငယ်ချင်းဆိုသူ ဟိန်းကိုကိုမှ မနန်းမေဇင်ဦးအား ချစ်ကြိုက်ကြောင်းပြောဆိုရာမှစ၍ မနီနီနုနွယ်မှ သူမကို ရိုင်းပြစွာဆက်ဆံလာခဲ့ပြီး ၂၀၁၀ ပြည့်နှစ် သြင်္ကန်နှစ်ဆန်းတစ်ရက်တွင် သူမရေချိုးနေစဉ် မနီနီနုနွယ်မှ အက်စစ်ဖြင့်ပက်ခဲ့ရာ ဝဲဘက်မျက်နှာတစ်ခြမ်း ပျက်စီးခဲ့ပြီး ဝဲဘက်မျက်လုံးကွယ်ခဲ့ရကြောင်း၊ ထိုသို့အက်ဆစ်ဖြင့် လောင်းခံရသည့် ဒဏ်ရာများကြောင့် မနန်းမေဇင်ဦးကို ဒေါ်မိုးမိုးမှပြုစုပေးခဲ့ကြောင်းသိရပြီး ဖခင်ဖြစ်သူရောက်လာချိန်တွင် ရပ်ကွက်ရုံးသို့ခေါ်ဆောင်ကာ ဆေးကုသပေးမည်ဖြစ်သဖြင့် အမှုမဖွင့်ရန် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း၊ ဖခင်ဖြစ်သူကို ကျပ်တစ်သိန်းတစ်ကြိမ်၊ သုံးလခန့်အကြာတွင် ကျပ်နှစ်သိန်းတစ်ကြိမ် ပေးခဲ့ကြောင်း၊ အဆိုပါ အက်စစ်ဖြင့်ပက်ခဲ့သည့် ဒဏ်ရာများကြောင့် အခန်းတွင်းပိတ်လှောင်ထားခဲ့ရာ လေးနှစ်ခန့်ကြာခဲ့ကြောင်း၊ တစ်ရက်တွင် မနန်းမေဇင်ဦးသည် အမှိုက်ပုံးသွန်ရာ မနိုင်သဖြင့် မှောက်ကျခဲ့ရာ မနီနီနုနွယ်မှ နံရံနှင့်တွန်းကန်ဆောင့်လှဲခြင်း၊ ဝက်စာပုံးထဲသို့ မျက်နှာအပ်ပြီးဖိချခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းတို့အလစ်တွင် နေအိမ်မှထွက်ပြေးခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ယခုကဲ့သို့ ဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

မနီနီနုနွယ်နှင့် ဒေါ်မိုမိုးတို့ကို ရဲမှူးမျိုးဇင်က တရားလိုပြုလုပ်ကာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် မတ် ၁ ရက်ကလည်းကောင်း၊ နစ်နာသူ မနန်းမေဇင်ဦးက တရားလိုပြုလုပ်ကာ သူမအား ဘယ်ဘက်မျက်နှာတစ်ခြမ်းပျက်စီးပြီး ဘယ်ဘက်မျက်လုံးကွယ်သည်အထိ အက်စစ်ဖြင့်ပက်ခဲ့သူ မနီနီနုနွယ်၊ အိမ်အတွင်း နှစ်ရှည်ကြာမြင့်စွာပိတ်လှောင်၍ အနိုင်အထက်ပြုကျင့်ပြီး လုပ်ခလစာမပေးဘဲ အိမ်ဖော်အဖြစ်ခိုင်းစေခြင်း၊ ပိတ်လှောင်ခြင်းများပြုလုပ်ရာတွင် ဝိုင်းဝန်းကူညီပေးခဲ့သူ ဒေါ်မိုးမိုးနှင့် သားဖြစ်သူ ကိုသူရ (ခ) အားတီတို့ကို အရေးယူပေးပါရန် ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၃၄၄/ ၁၁၄ တို့ဖြင့် မတ် ၃ ရက်က ထပ်မံအမှုဖွင့်ထားပြီး ကိုသူရ (ခ) အားတီကိုမူ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

Most Read

Most Recent