ထိုင်းနိုင်ငံ ကဘီမြို့ရှိ သစ်စက်တွင် လုပ်ကိုင်နေသည့် MoU အလုပ်သမားသုံးဦး ဈေးဝယ်သွားစဉ် အရိုက်ခံရမှုနှင့်ပတ်သက်ပြီး အလုပ်သမားသံအရာရှိရုံးမှ သတိပေးချက်ထုတ်ပြန်

ထိုင်းနိုင်ငံ ကဘီမြို့ရှိ သစ်စက်တွင် လုပ်ကိုင်နေသည့် MoU အလုပ်သမားသုံးဦး ဈေးဝယ်သွားစဉ် အရိုက်ခံရမှုနှင့်ပတ်သက်ပြီး အလုပ်သမားသံအရာရှိရုံးမှ သတိပေးချက်ထုတ်ပြန်
Published 13 March 2018

ထိုင်းနိုင်ငံတောင်ပိုင်း ကဘီမြို့ရှိ သစ်စက်တွင် လုပ်ကိုင်နေသည့် MoU အလုပ်သမားသုံးဦး ဈေးဝယ်သွားစဉ် အရိုက်ခံရမှုနှင့် ပတ်သက်ပြီး အလုပ်သမားသံအရာရှိရုံးမှ ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မည်သည့်နေရာတွင်မဆို အချိန်မတော်တွင် တစ်ဦးတည်းထွက်ခွာခြင်းနှင့် အရက်သေစာသောက်စားခြင်း၊ သတ်မှတ်စည်းကမ်းကိုမလိုက်နာဘဲ ဆိုင်ကယ်စီးခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းတို့ကို ရှောင်ကြဉ်ကြရန် သတိပေးချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

မြန်မာသံရုံး အလုပ်သမားသံအရာရှိရုံး မှထုတ်ပြန်ခဲ့သည့်သတိပေးစာတွင် ထိုင်းနိုင်ငံတောင်ပိုင်း ကဘီမြို့ရှိသစ်စက်တွင် MoU စနစ်ဖြင့် သွားရောက်လုပ်ကိုင်လျက်ရှိသည့်အလုပ်သမားများအနက် မြန်မာအလုပ်သမား အောင်ဝင်းစိုးဆိုသူနှင့် ထိုင်းလူမျိုး လွှဝိုင်းဆရာတို့မှာ မတ် ၄ ရက်က လုပ်ငန်း ခွင်အတွင်း အလုပ်လုပ်ကိုင်စဉ် စကားများ ရန်ဖြစ်ရာမှ လွှဝိုင်းဆရာက ကိုအောင်ဝင်းစိုးကို ကိုယ်ထိ လက်ရောက်ကျူးလွန်ခဲ့သဖြင့်  ယင်းစက်ရုံရှိ မြန်မာအလုပ်သမားများက ကျေနပ်ခြင်းမရှိသဖြင့် မတ် ၅ ရက်တွင် လွှဝိုင်းဆရာနှင့် တပည့်နှစ်ဦးတို့အား အလုပ်မှထုတ်ပေးရန်တောင်းဆိုကြရာ အလုပ်ရှင်က  အလုပ်သမားများဆန္ဒအတိုင်း အဆိုပါ ထိုင်းလူမျိုးအလုပ်သမားသုံးဦးကို အလုပ်မှ ထုတ်ပယ်ပေးခဲ့ကြောင်း ရေးသားထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အလုပ်ထုတ်ခံခဲ့ရသည့် လွှဝိုင်းဆရာနှင့် တပည့်နှစ်ဦးတို့ က ကျေနပ်မှုမရှိသဖြင့် မတ် ၆ ရက်တွင် ထိုင်းလူမျိုး လွှဝိုင်းဆရာက ရန်ဖြစ်ရာတွင် မပါဝင်သော MoU အလုပ်သမားသုံးဦး ဈေးဝယ်သွားစဉ် ရန်ငြိုးဖွဲ့ရိုက်နှက်ခဲ့ရာ ရိုက်နှက်ခံရသည့်သူများအနက်တစ်ဦးမှာ ပါးရိုးကျိုးဒဏ်ရာနှင့် ဦးခေါင်းအနည်းငယ်ကွဲ ဒဏ်ရာတို့ရရှိခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အလုပ်သမား သံအရာရှိရုံးအနေ ဖြင့် သံအရာရှိ ဦးမျိုးထက်သူက အနီးကပ် ကြပ်မတ်ကူညီဆောင်ရွက်ပေးခြင်း၊ စေလွှတ်ခဲ့သည့် မြန်မာအေဂျင်စီအား သွားရောက်ကြည့်ရှု ကူညီဆောင်ရွက်စေခြင်း၊ လိုအပ်သည့်ဆေးဝါးကုသမှုများ အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးခြင်း၊ ကျူးလွန်သည့်တရားခံများအား ဥပဒေအရအရေးယူ နိုင်စေရေးအတွက် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ခြင်း၊ ယင်းလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ လုံခြုံရေးအတွက် အလုပ်ရှင်၊ မြန်မာအေဂျင်စီနှင့် ထိုင်းအေဂျင်စီတို့အား ကူညီဆောင်ရွက်ပေးရန် ညှိနှိုင်းဆောင်ရွက်ထားရှိပေးကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် မည်သည့်နေရာတွင်မဆို အချိန်မတော်တွင် တစ်ဦးတည်းထွက်ခွာခြင်းနှင့် အရက်သေစာသောက်စားခြင်း၊ သတ်မှတ်စည်းကမ်းကိုမလိုက်နာဘဲ ဆိုင်ကယ်စီးခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းတို့ကို ရှောင်ကြဉ်ကြရန်နှင့် အကယ်၍ အလုပ်သမားရေးရာပြဿနာဖြစ်ပွားပါက ‌စေလွှတ်သည့် အေဂျင်စီသို့ဖြစ်စေ၊ အလုပ်သမားသံ အရာရှိများ၏ ဖုန်းနံပါတ်များသို့ဖြစ်စေ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ၏ Call Center ဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်အကူအညီ တောင်းခံကြပါရန် အလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent