ရပ်စောက်မြို့နှင့် နောင်ချို မြို့ကြားတွင် အလှသစ်ဇာတ်အဖွဲ့၏ ကား ဘရိတ်ပေါက် တိမ်းမှောက်ရာမှ လူခြောက်ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရ

ရပ်စောက်မြို့နှင့် နောင်ချို မြို့ကြားတွင် အလှသစ်ဇာတ်အဖွဲ့၏ ကား ဘရိတ်ပေါက် တိမ်းမှောက်ရာမှ လူခြောက်ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရ
Published 10 March 2018

Photo Credit - Ko Than Htike

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နှင့် နောင်ချိုမြို့ကြား ၊ လားရှိုးမန္တလေး အဆင်းလမ်းတွင့် (ယနေ့ ) မတ်လ ၉ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်က မန္တလေးမြို့မှ မင်းမင်းဦး အလှသစ်ဇာတ်အဖွဲ့ကား တိမ်းမှောက်၍ လူ ခြောက်ဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

"ဒီကနေ့ ညနေ ၄ နာရီလောက်က ဖြစ်တာပါ။ သေဆုံးတာတော့ ခြောက်ဦးပါ။ ကျန်တဲ့သူ ၂၇ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရကြပါတယ်။ ရပ်စောက်မြို့ကနေပွဲကပြီး အပြန်လမ်းမှာ တိမ်းမှောက်တာပါ။ ဘရိတ်ပေါက်တာဖြစ်ဖို့ များပါတယ်။ အခုနောင်ချိုဆေးရုံမှာ ဆေးကုသမှု ခံယူနေကြပါတယ်" ဟု အလှသစ် ဇာတ်အဖွဲ့မှ ပွဲလက်ခံ မန်နေဂျာ ကိုရှိုင်းကိုကပြောသည်။

ဖြစ်စဉ်မှာ (၉-၃-၂၀၁၈) တပေါင်းလပြည့်ကျော် ၈ ရက်နေ့ ညနေတွင် မန္တလေးမှ "မင်းမင်းဦး" အလှသစ် ဇာတ်ကားသည် ရှမ်းပြည်နယ် ရပ်စောက်မြို့တွင် ပွဲကပြီး ပြန်လာခဲ့ကြောင်း၊ ရပ်စောက်မြို့နှင် နောင်ချိုမြို့ကြားတွင် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ပဲ ဇာတ်ကားတိမ်းမှောက် သွားခဲ့ကြောင်း၊ ယခုအခါ၊ နောင်ချိုဆေးရုံတွင် ဆေးကုသမှုခံ ယူလျက်ရှိကြောင်း၊ ဇာတ်အဖွဲ့မှ အမျိုးသား ငါးဦး၊ အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ၆ ဦးသေဆုံးခဲ့ပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အလှသစ်ဇာတ်ကားတွင် ဇာတ်အဖွဲ့ဝင် လူ ၄၀ ဝန်းကျင်ခန့်၊ ဇာတ်ကပွဲ ပစ္စည်းများ၊ စက်ပစ္စည်းများ သယ်ဆောင်လာကြောင်း သိရသည်။ တိုင်းသဘင် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူများ၊ သဘင်လူမှုကူညီရေး အဖွဲ့ဝင်များ၊ ပြင်ဦးလွင် သဘင်အစည်းအရုံးမှ တာဝန်ရှိသူများမှ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန် သွားရောက်လျက်ရှိကြောင်းလည်း သိရသည်။