ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တင်ဒါရွေးချယ်မှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး၏ သဘောတူညီချက်အရ ဆိုင်းငံ့ရန်ဆုံးဖြတ်

ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တင်ဒါရွေးချယ်မှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး၏ သဘောတူညီချက်အရ ဆိုင်းငံ့ရန်ဆုံးဖြတ်
Published 9 March 2018

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်း တင်ဒါရွေးချယ်မှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး၏ သဘောတူညီချက်အရ ဆိုင်းငံ့ရန် ဆုံးဖြတ်ထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအတွက် ဇန်နဝါရီ ၃ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ အိတ်ဖွင့်တင်ဒါခေါ်ယူရာတွင် တင်ဒါယှဉ်ပြိုင်ရန် လျှောက်လွှာပြန်လည်တင်ပြလာသည့် ကုမ္ပဏီခြောက်ခုအနက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကိုအတည် ပြုရွေးချယ်ရန်အတွက် တင်ဒါစိစစ်ရေးကော်မတီ ဖွဲ့စည်းရန် ဝန်ကြီးချုပ်ထံတင်ပြထား ဆဲအခြေအနေတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရ အဖွဲ့အစည်းအဝေး၌ ၎င်းတင်ဒါရွေးချယ်မှုကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းနှစ်ခုကို တစ်ခုတည်းအဖြစ် ပူးပေါင်းကာ တင်ဒါပြန်လည်ခေါ်ယူမည့် အစီအစဉ်ရှိပြီး လာမည့် အစိုးရအဖွဲ့အစည်းအဝေးထံ တင်ပြသွားမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။

“ဆိုင်းငံ့တာကတော့ အခုလက်ရှိက  GGS သူ့ရဲ့ ထုတ်လုပ်မှုအပိုင်းမှာအရှုှုံး ပေါ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တင်ပြထားလို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကထုတ်လုပ် ဖြန့်ဖြူးနှစ်ပိုင်းကို တစ်ပေါင်းတည်း တင်ဒါပြန်ခေါ်ရအောင်ဆိုပြီးတော့ ဖြန့်ဖြူးတဲ့တင်ဒါကို ခေတ္တဆိုင်းငံ့ထားတယ်။ ထုတ်လုပ်၊ ဖြန့်ဖြူးတစ်ခုတည်းပေါင်းပြီး ပြန်ခေါ်ဖို့ အစီအစဉ်ရှိတယ်။ တင်ဒါခေါ်ထားတဲ့ဟာကို ဆိုင်းငံ့ထားတဲ့ဟာကို လုံးဝပယ်ဖျက်လိုက်မယ်။ ပယ်ဖျက်လိုက်ပြီးတော့မှ အသစ်ပြန်ခေါ်မလားဆိုတာက ကျွန်တော်တို့က လာမယ့် Cabinet မှာ ဆွေးနွေးရဦးမှာပေါ့” ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီး ဦးကြည်လှိုင်က ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရအနေဖြင့် ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းနှစ်ပိုင်းကို တစ်ပေါင်းတည်းပြုလုပ်ပြီး တင်ဒါပြန်လည်ခေါ်ယူမည်ဆိုပါက လက်ရှိလျှပ်စစ်ထုတ်လုပ်မှုအတွက် တိုင်းဒေသကြီးအစိုးရနှင့် GGS (Global Grand Services)  ကုမ္ပဏီတို့အကြား သုံးနှစ်စာချုပ် ချုပ်ဆိုထားမှုမှာ ပျက်ပြယ်သွားသည့်သဘော သက်ရောက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ ထိုသို့ လုပ်ငန်းနှစ်ပိုင်းကို တစ်ပေါင်းတည်းတင်ဒါခေါ်ယူမည့်ကိစ္စကို လာမည့်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးထံ တင်ပြရန်ရှိပြီး အစည်းအဝေးက မည်သို့ဆုံးဖြတ်မည်ကို မသိရှိနိုင်ကြောင်း၊ လာမည့် အစိုးရအဖွဲ့အစည်းအဝေး ပြုလုပ်ရန်အချိန်ကိုလည်း အတိအကျမပြောနိုင်သေးဘဲ ဝန်ကြီးချုပ်၏ အလုပ်အနည်းအများအပေါ် မူတည်၍ ပြုလုပ်လေ့ရှိပြီး ပုံမှန်အားဖြင့် တစ်လလျှင် နှစ်ကြိမ်ပြုလုပ်ကြောင်း ဦးကြည်လှိုင်က ပြောကြားသည်။

ထားဝယ်ခရိုင်အတွင်း ဖြန့်ဖြူးနေသည့် လျှပ်စစ်ဓာတ်အားအတွက် ထားဝယ်မြို့မှ မိုင် ၅၀ ကျော်အကွာရှိ ကံပေါက်ဒေသတွင် GAS အင်ဂျင်များဖြင့်လည်ပတ်၍ လျှပ်စစ်ထုတ်လုပ်ပေးနေသော GGS ကုမ္ပဏီမှာ GAS  တန်ဖိုးအတွက် ပေးချေရသည့်ငွေတိုးမြင့်လာခြင်းနှင့် ငွေလဲနှုန်းမြင့်တက်လာခြင်းကြောင့် ထုတ်လုပ်ရေးအပိုင်းတွင် အရှုံးပေါ်နေခြင်းဖြစ်သည်ဟု သိရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းလျှပ်စစ်ထုတ်လုပ်လုပ်ငန်းတွင် အရှုံးပေါ်နေသည့်ကိစ္စနှင့် ဖြန့်ဖြူးရေးလုပ်ငန်းကို လွှဲပြောင်းလုပ်ကိုင်နေမှုအပေါ် GGS  ကုမ္ပဏီ (ထားဝယ်ရုံး) ထံ မီဒီယာများက သွားရောက်မေးမြန်းသော်လည်း မီဒီယာသမားများ၏ မှတ်ပုံတင်နှင့် ID ကတ်ပြား မိတ္တူပေးနိုင်မှသာ ကုမ္ပဏီတာဝန်ရှိသူက လက်ခံတွေ့ဆုံမည်ဟု တာဝန်ရှိသူကပြောကြောင်း ရုံးဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားသည်။

လက်ရှိတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအတွက် ဇန်နဝါရီ ၃ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ အိတ်ဖွင့်တင်ဒါခေါ်ယူရာတွင် တင်ဒါယှဉ်ပြိုင်ရန် လျှောက်လွှာပြန်လည်တင်ပြလာသည့် ကုမ္ပဏီခြောက်ခုရှိပြီးတင်ဒါအောင်မြင်သည့် ကုမ္ပဏီကို မရွေးချယ်ရသေးသော်လည်း လက်ရှိတွင် အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ တင်ဒါရွေးချယ်မှု ဆိုင်းငံ့ထားသည်ကို ၎င်းကုမ္ပဏီများက လက်ခံပေးရမည်ဖြစ်ကာ တင်ဒါခေါ်ယူစဉ်က တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းစည်းကမ်းအရ အစိုးရအဖွဲ့အနေဖြင့် တင်ဒါကိုဖျက်သိမ်း၊ ဆိုင်းငံ့နိုင်သည်ဟု ပါရှိကြောင်း ဦးကြည်လှိုင်က ပြောကြားသည်။

ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းကို ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ (DDPC) အား ပြီးခဲ့သည့်နှစ် ဇွန် ၂၆ ရက်မှစ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က ခြောက်လလုပ်ကိုင်ခွင့်ပြုခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်တွင် သက်တမ်းကုန်ဆုံးပြီးနောက် ယင်းလုပ်ငန်းအတွက်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ဒါပြန်လည်ခေါ်ယူခဲ့ဲကြောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ရွေးချယ်ပြီး စီးသည့်အချိန်အထိ DDPC ကုမ္ပဏီမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားသော်လည်း ၎င်းတို့အနေဖြင့် ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတော့ကြောင်း ပြောကြားလာသည့်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်တွင် ယင်းလုပ်ငန်းကို လက်ရှိလျှပ်စစ်ဓာတ်အား ထုတ်လုပ်နေသည့်  GGS ကုမ္ပဏီထံ လွှဲပြောင်းပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က သက်ဆိုင်ရာ ကုမ္ပဏီများကို စာထုတ်ပြန် အသိပေးခဲ့သည်။

ထိုသို့ ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူမှုနှင့် လုပ်ငန်းလွှဲပြောင်းခဲ့သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် GGS  ကုမ္ပဏီတို့ မည်သို့သော ပတ်သက်မှုမျိုးကြောင့် ၎င်းကုမ္ပဏီနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ပွင့်လင်းမြင်သာစွာ မချပြနိုင်သည်ကို ပြည်သူတစ်ဦး အနေဖြင့် သိချင်ကြောင်း၊ ထားဝယ်ခရိုင်လျှပ်စစ်မီးကိစ္စကို ပွင့်လင်းမြင်သာမှုမရှိဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်နေမှုမှာ ထားဝယ်ဒေသခံများအနေဖြင့် အားရကျေနပ်မှုမရှိကြောင်း လူထုအလင်းရောင်ကွန်ရက် (ထားဝယ်) အဖွဲ့ဝင် ဦးထိန်ဝင်းက ဆိုသည်။

“ပွင့်လင်းမြင်သာမှုမရှိတာကိုပဲ ပြောရမှာပဲလေ။ ပွင့်လင်းမြင်သာမှုမရှိတာ၊ ပြည်သူလူထုကို အသေးစိတ်ချမပြနိုင်တာ၊ တင်ဒါကိုလည်း ပွင့်လင်းမြင်သာမှုရှိရှိ မဆောင်ရွက်နိုင်တာတွေက ဒေသအတွက် အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မှုပုံရိပ်မကောင်းဘူးပေါ့။ ပြည်သူတစ်ယောက်အနေနဲ့ကတော့ လျှပ်စစ်ကို မြန်မြန်သုံးစွဲချင်တယ်။ ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်။ ဝန်ဆောင်မှုလုပ်မယ့် GGS ကုမ္ပဏီအနေနဲ့ ဒေသခံတွေနဲ့ ထိတွေ့တဲ့အခါမှာ ဝန်ဆောင်မှုလုပ်ငန်းပီပီ ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်။ အာဏာရှင်အရင်းရှင် စီးပွားရေးဆန်ဆန် လုပ်နေတာမျိုး လုံးဝလက်မခံဘူး။ ဘာကြောင့်လဲဆိုရင် အခုအစိုးရကပြည်သူ့ အစိုးရဖြစ်တဲ့အတွက် အလုပ်လုပ်တဲ့နေရာမှာ ဒေသခံတွေနဲ့ ပူးပေါင်းပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်စေချင်တယ်” ဟု လူထု အလင်းရောင်ကွန်ရက် (ထားဝယ်) အဖွဲ့ဝင်ဖြစ်သူ ဦးထိန်ဝင်းက ပြောကြားသည်။

ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအတွက် စာချုပ်သက်တမ်းပြည့်ခဲ့ပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တင်ဒါခေါ်ယူမှုကို ကုမ္ပဏီ၏ဒါရိုက်တာ အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့သော်လည်း ယင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သူ ရွေးချယ်ပြီးသည်အထိ  DDPC ကုမ္ပဏီက ဆက်လက်လုပ်ကိုင်ပေးရန် တိုင်းဒေသကြီး အစိုးရက တောင်းဆိုခဲ့သောကြောင့် ကုမ္ပဏီမှ ဆက်လက်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရ၏ တောင်းဆိုချက်အရ ဆက်လက်လုပ်ကိုင်ပေးနေသည့် ကိစ္စအပေါ် မလုပ်ကိုင်လိုတော့ဟု ပြောဆိုခဲ့ခြင်းမရှိကြောင်း ကုမ္ပဏီဘက်မှ ပြောကြားခဲ့ခြင်းမရှိသော်လည်း ဖေဖော်ဝါရီ ၁၅ ရက်က ယင်းလုပ်ငန်းအား GGS  ကုမ္ပဏီထံ လွှဲပြောင်းပေးရန် တိုင်းအစိုးရအဖွဲ့က စာထုတ်ကာ အကြောင်းကြားလာသဖြင့် တိုင်းဒေသကြီးအစိုးရ၏ သဘောအတိုင်း ၎င်းတို့ဘက်မှ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း DDPC ကုမ္ပဏီထံမှသိရသည်။ ELEVEN MEDIA မှစုံစမ်းချက်အရ တိုင်းဒေသကြီးအစိုးရက ထပ်မံခေါ်ယူထားသည့် ထားဝယ်ခရိုင်လျှပ်စစ် ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါယှဉ်ပြိုင်ရန် လျောက်လွှာလာတင်ထားသည့် ကုမ္ပဏီခြောက်ခုအနက် GGS ကုမ္ပဏီမပါဝင်ခဲ့ကြောင်း အတည်မပြုနိုင်သေးသော သတင်းများအရ သိရပြီး ယင်းအတွက်တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးထံ မေးမြန်းရာတွင်လည်း GGS ကုမ္ပဏီပါဝင်ခြင်း မပါဝင်ခြင်းအပေါ် အတည်ပြုဖြေကြားခြင်းမရှိဘဲ ကုမ္ပဏီနာမည်များကို မသိရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် GGS ကုမ္ပဏီအား လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းလွှဲပြောင်းပေးရန် စာထုတ်ပြန်အကြောင်းကြားရာ၌လည်း လုပ်ငန်းလုပ်ကိုင်ရန်ကာလကို ဖော်ပြထားခြင်းမရှိသည့်အပြင် ယာယီအနေဖြင့် ခွင့်ပြုထားခြင်းဖြစ်ကြောင်း မပါဝင်ခဲ့ဟု သိရသည်။