ထိုင်းနိုင်ငံ မဲဆောက်ဒေသတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ၏သား သမီးများ၊ ပညာသင်ကြားနေကြသည့် မြန်မာကလေးငယ်များအား ၁၀ နှစ်သက်တမ်းရှိ နေထိုင်ခွင့်လက်မှတ်ကို ထိုင်းအစိုးရက စတင်ထုတ်ပေး

ထိုင်းနိုင်ငံ မဲဆောက်ဒေသတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ၏သား သမီးများ၊ ပညာသင်ကြားနေကြသည့် မြန်မာကလေးငယ်များအား ၁၀ နှစ်သက်တမ်းရှိ နေထိုင်ခွင့်လက်မှတ်ကို ထိုင်းအစိုးရက စတင်ထုတ်ပေး
Published 6 March 2018

နေထိုင်ခွင့်လက်မှတ်ရရှိခဲ့ကြသည့် ကျောင်းသူကျောင်းသားများကို (SAW) ကျောင်းတွင် ထိုင်းနိုင်ငံရှေ့နေများကောင်စီမှ မစ္စတာစူလဖုံးကောင်းကျန်းထေ့နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-ကိုကြီးမန်း)

ထိုင်းနိုင်ငံမဲဆောက်ဒေသတွင် နေထိုင်အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ ပြောင်းလုပ်သားများ၏ သားသမီးများ၊ မြန်မာရွှေ့ပြောင်းကျောင်းများတွင် ပညာသင်ကြားနေကြသည့် မြန်မာကလေးငယ်များအား ၁၀ နှစ်သက်တမ်းရှိ နေထိုင်ခွင့်လက်မှတ်ကို ထိုင်းအစိုးရက မတ် ၄ ရက်တွင် စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ် သောင်ရင်းတဘက်ကမ်းရှိ တာ့ခ်ခရိုင်၊ မဲဆောက် အပါအဝင် (၄) မြို့နယ်မှ  မြန်မာရွှေ့ပြောင်း ကျောင်းများအနက် မဲဆောက်မြို့ရှိ (SAW) အထက်တန်းကျောင်းမှ မြန်မာကလေးငယ်များကို စတင်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်နှင့် လူမှုဖူလုံရေးဆိုင်ရာ အခွင့်အရေးများပါရှိသည့် လက်မှတ်အမျိုးအစားဖြစ်သည်ဟု ဆိုသည်။

အဆိုပါ မြန်မာနိုင်ငံသား ကျောင်းသူ ကျောင်းသားလေးများ အထောက်အထားမဲ့ နေထိုင်နေကြသဖြင့် ၁၀ နှစ်သက်တမ်း နေထိုင်ခွင့် မှတ်ပုံတင်ရရှိရေးအတွက် ရှေ့နေများကောင်စီက နည်းလမ်းရှာအကူအညီများ ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှေ့နေများကောင်စီ၏ တာဝန်ရှိသူတစ်ဦးဖြစ်သော မစ္စတာစူလဖုံးကောင်း ကျန်းထေ့က “ထိုင်းနိုင်ငံတွင်း တရားဝင်နေထိုင်ခွင့်နှင့် ပညာသင်ကြားခွင့်ရှိပြီး ထိုင်းနိုင်ငံအစိုးရက တရားဝင်ထုတ်ပေးထားတဲ့ လက်မှတ်ဖြစ်ပါတယ်” ဟု  ပြောကြားသည်။

မဲဆောက်အပါအဝင် ပတ်ဝန်းကျင်မြို့နယ်များတွင်  မြန်မာရွှေ့ပြောင်းကျောင်းများရှိပြီး မူလတန်းမှ အထက်တန်းအဆင့်ထိ ပညာသင်ကြားနေကြသည့် မြန်မာကလေးငယ် တစ်သောင်းခန့်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားနေသော ကလေးငယ်များအား  ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့် မှတ်ပုံတင်ထုတ်ပေးနိုင်ရေးအတွက် ထိုင်းအစိုးရအနေဖြင့် ယခင်နှစ်မှစ၍ မူဝါဒချမှတ်ထားပြီး ဒေသတွင်း ပညာသင်ကြားနေကြသော ထိုင်းနိုင်ငံမွေး စာရင်းရှိသူ မြန်မာကလေးငယ်များအား  နေထိုင်ခွင့်လက်မှတ်များကို ဆက်လက်ထုတ်ပေးသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် ၁၀ နှစ်သက်တမ်း နေထိုင်ခွင့် မှတ်ပုံတင်ကိုင်ဆောင်သူများသည် နေထိုင်ခွင့်သက်တမ်းပြည့်လျှင် ထပ်မံ၍ သက်တမ်းတိုးခွင့်ရှိပြီး ထိုင်းဆေးရုံကြီးတွင် အခမဲ့ဆေးကုသခွင့်ရရှိခြင်း၊ သက်ဆိုင်ရာ ခရိုင်အတွင်း လွပ်လပ်စွာသွားလာခွင့်ရှိခြင်း၊ ဘဏ်စာအုပ်လုပ်ပိုင်ခွင့်ရှိခြင်း၊ အခြားခရိုင်များသို့ ခရီးသွားလိုပါက သက်ဆိုင်ရာမြို့ နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် ထောက်ခံစာများ သွားရောက်တောင်းခံခွင့်များ ရှိသည်ဟု နေထိုင်ခွင့်မှတ်ပုံတင်ကို  သက်တမ်း ၁၀ နှစ်ကျော်ကိုင်ဆောင်လာသူ ကိုကြီးမန်းက ပြောကြားသည်။