ညောင်ဦးမြို့နယ်ရှိ သာယာဝတီရေဆိပ်တွင် ၁၂ နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံး

ညောင်ဦးမြို့နယ်ရှိ သာယာဝတီရေဆိပ်တွင် ၁၂ နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံး
Published 4 March 2018

ညောင်ဦးမြို့နယ် အမှတ် (၁) ရပ်ကွက်တွင်ရှိသည့် သာယာဝတီရေဆိပ်တွင် အသက် ၁၂ နှစ် အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ညောင်ဦးမြို့နယ် အမှတ် (၁) ရပ်ကွက်၌ရှိသည့် သာယာဝတီရေဆိပ်တွင် မတ် ၂ ရက် နေ့ ၁၀နာရီခွဲအချိန်က ကလေးတစ်ဦး ရေနစ်မျောပါသွားကြောင်း သတင်းအရ မြို့မရဲစခန်း (ညောင်ဦး) မှ ရဲအုပ် ဇင်မင်းထိုက်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရေနစ်မျောပါသူမှာ အမှတ် (၁) ရပ်ကွက်နေ အသက် ၁၂ နှစ်အရွယ်ရှိ အောင်မင်းခန့် လေးတန်းကျောင်းသား တစ်ဦးဖြစ်ကြောင်း မိဘများနှင့်အတူ လိုက်လံရှာဖွေခဲ့ရာ နံနက် ၁၁ နာရီအချိန်တွင် အမှတ် (၂) ရပ်ကွက်၊ ရုံးညောင်ပင်ဆိပ်တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းသည် နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်က သာယာဝတီရေဆိပ်သို့ တစ်ဦးတည်း ရေဆင်းချိုးရာမှ ရေနစ်မျောပါသေဆုံးခြင်းဖြစ်ကြောင်း ကနဦးစစ်ချက်အရ သိရသည်။

မြို့မရဲစခန်း (ညောင်ဦး) မှ သေဆုံးမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၈ ဖြင့် ကနဦးရေးဖွင့်ကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။