မေယုကျွန်းဆွယ် အနောက်ဘက်ခြမ်းတွင် အခြေချရန် ပြောင်းရွှေ့လာသူ အိမ်ထောင်စု ၆၀ ကျော်မှ လူဦးရေ ၂၀၀ ကျော်အတွက် CRR က နေအိမ်များ ဆောက်လုပ်ပြီးဖြစ်ကြောင်း သိရ

မေယုကျွန်းဆွယ် အနောက်ဘက်ခြမ်းတွင် အခြေချရန် ပြောင်းရွှေ့လာသူ အိမ်ထောင်စု ၆၀ ကျော်မှ လူဦးရေ ၂၀၀ ကျော်အတွက် CRR က နေအိမ်များ ဆောက်လုပ်ပြီးဖြစ်ကြောင်း သိရ
Published 3 March 2018

မေယုကျွန်းဆွယ် အနောက်ဘက်ခြမ်းတွင် အခြေချရန် ပြောင်းရွှေ့လာသည့် အိမ်ထောင်စု ၆၀ ကျော်မှ လူဦးရေ ၂၀၀ ကျော်အတွက် အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသား နယ်မြေပြန်လည်တည်ဆောက်ရေး အထောက်အကူပြုကော်မတီ (CRR) က နေအိမ်များ ဆောက်လုပ်ပြီးဖြစ်ကြောင်း သိရ သည်။

ရသေ့တောင်မြို့နယ် ချိန်ခါလီ၊ ကိုးတန်ကောက်နှင့် မောင်တောမြို့နယ် အင်းဒင်ကျေးရွာများကို အခြေပြုပြီး အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းလာကြသည့် အိုးအိမ်စွန့်ခွာ  ရခိုင်လူမျိုးများကို နေရာချပေးထားခြင်းဖြစ်ကြောင်းလည်း CRR ဥက္ကဋ္ဌ ဒေါက်တာအေးချမ်းက ပြောကြားသည်။

အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေးအထောက်အကူပြု ကောက်မတီ (CRR) ဥက္ကဋ္ဌ ဒေါက်တာအေးချမ်းက “ကျွန်တော်တို့ စဖွဲ့ကတည်းကပေါ့လေ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတော့ ဒီ၂၀၁၇ သြဂုတ်လမှာ စပြီးဖြစ်ခဲ့တဲ့ အထူးသဖြင့် မောင်တောခရိုင်အတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားကြတဲ့ ရခိုင်လူမျိုးတွေ၊ တခြားဒေသတွေကို ရောက်သွားတဲ့ ရခိုင်လူမျိုးတွေ၊ ဟိုးအရင်အရင်လည်းပဲ ဒီနယ်က အေးချမ်းတဲ့ နယ်မြေ မဟုတ်ခဲ့ဘူး။ ခဏခဏ လူမျိုးရေးအဓိကရုဏ်းတွေ ခဏခဏ ပြဿနာတွေပေါ်ခဲ့တဲ့နေရာဆိုတော့ ဒီဒေသကနေ တခြားနေရာကို သွားပြီးအခြေစိုက်တဲ့သူတွေရှိတယ်။ အဲဒီလူတွေလည်း အပါအဝင် လောလောလတ်လတ် အိုးအိမ်စွန့်ခွာသွားကြတဲ့ လူတွေလည်း အပါအဝင် ပြန်ပြီးတော့ မေယုနယ်ခြားခရိုင်လို့ခေါ်တဲ့ မောင်တောခရိုင်မှာ အခြေစိုက်ဖို့ ကျွန်တော်တို့ကူညီမယ်။ ကူညီမယ်ဆိုတဲ့အခါမှာ ကျွန်တော်တို့က ဒီမေယုကမ်းလို့ခေါ်တဲ့ မေယုကျွန်းဆွယ်၊ မေယုမြစ်နဲ့ ပင်လယ်ကမ်းခြေကြား မေယုတောင်တန်းရဲ့ အရှေ့ဘက် အနောက်ဘက်၊ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်အကြား၊ ဒီနေရာမှာ မေယုတောင်တန်း အနောက်ဘက်ကမ်း တောင်ဘက်ကနေစပြီးတော့ ရခိုင်လူမျိုးတွေ အများစုရှိတဲ့နေရာမှာ ရခိုင်တွေကို နေရာအားဖြည့်ပေးမယ်။ ဘာလို့လဲဆိုတော့ ပြောင်းလာတဲ့လူတွေက လူနည်းစုတွေဖြစ်တယ်။ လူနည်းစုတွေဖြစ်တဲ့ အတွက် တစ်နေရာတည်းမှာ ရပ်တည်ရှင်သန်ဖို့ တော်တော်လည်းခက်တယ်။ အဲဒီတော့ ရိုင်းပင်းကူညီမှုလည်းရအောင်ဆိုပြီးတော့ မေယုကျွန်းဆွယ်ရဲ့ အနောက်ဘက်ခြမ်း တောင်ပိုင်းကနေစတဲ့အခါမှာ ချိန်ခါလီ၊ ကိုးတန်ကောက်၊ အင်းဒင်အဲဒီရွာသုံးရွာက အခြေပြုပြီးစတယ်။ အဲဒီမှာ အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလာကြတဲ့ အိုးအိမ်စွန့်ခွာ ဒုက္ခသည်တွေကို နေရာချပေးတယ်” ဟု ပြောကြားသည်။

လက်ရှိတွင် CRR ၏ အကူအညီဖြင့် ကိုးတန်းကောက်ကျေးရွာအနီး CRR အခြေချ စခန်း နံပါတ် (၁) တွင် နေအိမ်  ၂၅ လုံး လူဦးရေ  ၉၆ ဦး၊ CRR အခြေချစခန်း နံပါတ် (၂) တွင်   နေအိမ် ၂၄ လုံး လူဦးရေ ၈၀ ကျော်၊ အင်းဒင်ကျေးရွာအနီးတွင် အိမ်ထောင်စု ၁၄ စု လူဦးရေ ၆၀ ကျော်  စုစုပေါင်း အိမ်ထောင်စု ၆၃ စု လူဦးရေ ၂၀၀ ကျော်အား နေအိမ်များ ဆောက်လုပ်ပေးထားပြီး စားနပ်ရိက္ခာနှင့် အလုပ်အကိုင်အတွက်လည်း ကူညီထောက်ပံ့ထားကြောင်း သိရသည်။

မေယုဒေသတွင် ပြောင်းရွှေ့အခြေချနေလိုသူ အိမ်ထောင်စုများအနေဖြင့် အမှန်တကယ် အမြဲတမ်း နေထိုင်လိုသူများဖြစ်ကြောင်း အဆိုပြုလွှာများဖြင့် CRR သို့ တင်ပြ ရမည်ဖြစ်ပြီး ယင်းသို့ အဆိုပြုလွှာများကို စိစစ်ပြီး အခြေချနေထိုင်နိုင်အောင်နေအိမ်များ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုးတန်ကောက်ကျေးရွာအနီး CRR အခြေချစခန်း နံပါတ် (၂) တွင် ပြောင်းရွှေ့နေ ထိုင်သူတစ်ဦးက “ကျွန်တော်တို့က သံတွဲဆင်ခေါင်းကျေးရွာကနေ ပြောင်းရွှေ့လာတာ လေးလလောက်ရှိပါပြီ။ ဒီရွာကိုရောက်တာက မကြာသေးဘူး။ အခုတော့ နေအိမ်တွေ ဆောက်လုပ်နေဆဲဖြစ်ပါတယ်။ CRR အဖွဲ့က ပံ့ပိုးလို့ နေအိမ်တွေဆောက်တယ်။ လောလောဆယ်စားသောက်ဖို့ နည်းနည်းပါးပါးထောက် ပံ့တယ်။ လောလောဆယ် အလုပ်တွေတော့ မရှိသေးဘူး။ ဟင်းစားအတွက် ရှာဖွေစား သောက်နေကြတယ်။ ကျွန်တော်တို့ မျှော်လင့်တာက ငါးဖမ်းပိုက်တွေ၊ စိုက်ပျိုးဖို့ လယ်တွေလိုပါတယ်။ အစိုးရကတော့ ဘာတစ်ခုမှ ကူညီပေးတာမရှိသေးပါဘူး”  ဟု ပြောကြားသည်။

ရွှေ့ပြောင်းအိမ်ထောင်စုများအနေဖြင့် အစိုးရက တာဝန်ယူတည်ဆောက်သည့် ကျေး ရွာများသို့လည်း ပြောင်းရွှေ့သွားနိုင်ကြောင်း နှင့် CRR အနေဖြင့် အခြေချလာသူများကို အခိုက်အတန့်အနေဖြင့် ကူညီပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီနေရာမှာ နေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေကဘေးနားမှာ နိုင်ငံတော်က တာဝန်ယူပြီးတော့ နေရာချထားပေးလို့ ဒီထက်သင့်တော်မယ်ဆိုရင် ကောင်းမွန်တဲ့နေရာတွေ၊ လုပ်ကိုင်စားသောက်ဖို့ ကောင်းမွန်တဲ့နေရာတွေရောက်မယ်ဆိုရင်တော့ ပြောင်းရွှေ့သွားလို့ရတယ်။ လောလောဆယ်မှာ အခိုက်အတန့်အားဖြင့် ကျွန်တော်တို့က အဆင်ပြေအောင်ကူညီနေခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာအေးချမ်းက ပြောကြားသည်။

အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသား နယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြုကောက်မတီ (CRR) မှ ဥက္ကဋ္ဌ ဒေါက်တာအေးချမ်း၊ ဦးခင်မောင်ကြီး၊ ဦးသန်းထွန်းနှင့် ဦးဝိုင်းမောင်ပါဝင်သည့်အဖွဲ့သည့် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တောင်ပိုင်းတွင် နေရာချထားသည့် ကျေးရွာများသို့ မတ် ၁ ရက်က ကွင်းဆင်းသွားရောက်ပြီး နေအိမ်ဆောက်လုပ်ပေးခြင်းနှင့် အခြားအလုပ်အကိုင် အခွင့်အလမ်းအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။