ကချင်ပြည်နယ်အစိုးရအဖွဲ့ ပူတာအိုဒေသသို့ ဆန်နှင့် ရိက္ခာများ စတင်ပို့ဆောင်

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပူတာအိုဒေသသို့ ဆန်နှင့် ရိက္ခာများ စတင်ပို့ဆောင်
Published 3 March 2018

ကချင်ပြည်နယ် အစိုးရအဖွဲ့က ပူတာအိုသို့ ဆန်ပို့ရန် စီစဉ်နေစဉ် (ဓာတ်ပုံ-ကချင်ပြည်နယ် အစိုးရအဖွဲ့ Facebook)

ကချင်ပြည်နယ် အစိုးရအဖွဲ့ ပူတာအိုဒေသသို့ ဆန်နှင့် ရိက္ခာများ ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့က ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ပဲ၊ ကြက်ဥ၊ လက်ဖက်၊ ငါးခြောက်နှင့် ပေါင်မုန့်များကို ပေးပို့ခဲ့ပြီး ယင်းသို့ပို့ဆောင်ရန်အတွက် အုပ်ချုပ်ရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ဌာနေပြည်သူ့စစ်များက ပူးပေါင်းကူညီခဲ့ပြီး တပ်မတော်ကုန်တင်ယာဉ်ဖြင့် ငါးခေါက်ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းက “ပြည်နယ်အစိုးရက ဦးစီးပြီး ပို့နေတာ။ ဆန်အိတ် ၅၆၀၊ ဆီပိဿာ ၁၀၀ နှင့် အခြားဟာတွေပေါ့။ ဝန်ထမ်းရော၊ ဒေသခံပြည်သူ အတွက်ရော အကုန်လုံးအတွက်ပါ။ လမ်းပိုင်းလည်း လုံခြုံရေးကို ဆောင်ရွက်ပြီး တံတားတွေလည်း အမြန်ဆုံးပြင်နိုင်အောင် ကြိုးစားနေတယ်။ ယန္တရားတွေ ရွေ့တာနဲ့ဆိုရင် အချိန်တော့ ယူရဦးမှာပါ။ အချိန်တော့ နည်းနည်းပေးရမှာပေါ့။ လမ်းကိုပေါက်အောင်တော့ ကြိုးစားနေတယ်” ဟု ပြောကြားသည်။

ယင်းလမ်းပိုင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကေအိုင်အို၊ ကေအိုင်အေ ဗဟိုအဖွဲ့များက ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကို ကြားခံကာ ဆွေးနွေးမှုများ ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် နောက်ဆုံး ဆွေးနွေးခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ခွန်ဂျာက “အခုရက်ပိုင်းကတော့ ပူတာအိုလမ်းပိုင်းမှာရော၊ မေလိခမြစ်ကြောင်းမှာရော တည်ငြိမ်နေတယ်။ တပ်မတော်ဘက်ကတော့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပူတာအိုလမ်းပိုင်းမှာ ကေအိုင်အေ လက်နက်ကိုင်တွေ  မနေပေးဖို့ တောင်းဆိုတယ်။ ကျွန်တော်တို့လည်း ကေအိုင်အိုဗဟိုကို တင်ပြပေးထားတယ်။ အခုအချိန်မှာတော့ ကေအိုင်အေ လက်နက်ကိုင်တွေက ပူတာအို လမ်းကြောင်းပေါ်မှာ မရှိတော့ဘူးလို့ သိရတယ်။ ကေအိုင်အို ဗဟိုကတော့ အကြောင်းပြန်တာ မရှိသေးဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်ဦး ဆောင်သောအဖွဲ့နှင့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တို့သည် ဖေဖော်ဝါရီ ၆ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် သီးခြားတွေ့ဆုံကာ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်း ကိစ္စကို သီးခြားဆွေးနွေးခဲ့ပြီးနောက် KIO/KIA ဗဟိုအဖွဲ့ စာပေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ကျပ် ၃၇ ဘီလျံ ရင်းနှီးဆောက်လုပ်နေသည့်  မြစ်ကြီးနား-ပူတာအို ပြည်ထောင်စု လမ်းမပေါ်တွင် ကေအိုင်အေ လက်နက်ကိုင် တစ်စုက တံတားတစ်စင်းကို ဇန်နဝါရီ ၂၈ ရက်တွင် ဖျက်ဆီးခဲ့ပြီး လမ်းကြောင်းများကို ဘက်ဟိုးဖြင့် ကားသွားမရအောင် လုပ်ထားခြင်း၊ ယာဉ်ကြီးများကို လမ်းမပေါ်တွင် မီးရှို့ဖျက်ဆီးခြင်း စသည့် လုပ်ဆောင်ချက်များကြောင့် လုပ်ငန်းအားလုံး ပြန်ရုပ်သိမ်းခဲ့ရခြင်းဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ဖျက်ဆီးခဲ့သော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းအား လျင်မြန်စွာ ပြုပြင်ပေးနိုင်ရေး ကချင်ပြည်နယ် လွှတ်တော်တွင် အရေးကြီး အဆိုကို ဖေဖော်ဝါရီ ၇ ရက်က တင်သွင်းခဲ့သည်။

လမ်းပိုင်းပြတ်တောက်ကာ ရိက္ခာပြတ်လပ်မှုကြောင့် ပူတာအိုဒေသခံလူရာချီ ဆန္ဒပြမှု ဖေဖော်ဝါရီ ၁၃ ရက်က ဆန္ဒပြမှုဖြစ်ပေါ်ခဲ့သည်။ ယင်းဆန္ဒဖော်ထုတ်မှုကို တိုင်း ခန္တီး၊ ရဝမ်၊ လီဆူ၊ ဂျိန်းဖော စသည့်စာပေနှင့် ယဉ်ကျေးမှု ခေါင်းဆောင်းများက ဦးဆောင်ခဲ့ပြီး ငြိမ်းချမ်းရေး အမြန်တည်ဆောက်ပါ၊ စက်ယန္တရားများ ဖျက်ဆီးခြင်း ချက်ချင်းရပ်၊ စစ်ရေးကို အကြောင်းပြပြီး ဈေးတင်ရောင်းချမှု မလိုလား၊ လမ်းတံတား ဖျက်ဆီးသူတို့ ရန်သူ၊ လူထုဆန္ဒ သဘောထား အောင်ရမည်၊ ပြည်ထောင်စု မပြိုကွဲရေး တို့အရေး စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်တွင် မြို့နယ် ခြောက်မြို့နယ်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ၉၁၂၅၇ ဦး နေထိုင်ကြောင်း သိရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ဖွံ့ဖြိုးမှု အားနည်းခြင်း စသည့်အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် တစ်နှစ်အောက် ကလေးသေနှုန်း အမြင့်ဆုံးခရိုင်တစ်ခု ဖြစ်သည်။

 

Most Read

Most Recent