မြန်မာနိုင်ငံ၏ အဆောက်အအုံ ဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် စတီးအများစုအနက် သွပ်ရေစိမ်စတီးချောင်း သို့မဟုတ် အရောင်ခြယ်စတီးပြားများ၏ ရာခိုင်နှုန်း ၉၀ ကို ပြည်ပမှ တင်သွင်းနေရဟုဆို

မြန်မာနိုင်ငံ၏ အဆောက်အအုံ ဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် စတီးအများစုအနက် သွပ်ရေစိမ်စတီးချောင်း သို့မဟုတ် အရောင်ခြယ်စတီးပြားများ၏ ရာခိုင်နှုန်း ၉၀ ကို ပြည်ပမှ တင်သွင်းနေရဟုဆို
Published 3 March 2018

မြန်မာနိုင်ငံ၏ အဆောက်အအုံဖွံ့ဖြိုးမှုအတွက် လိုအပ်သည့်စတီးအများစုကို ပြည်ပမှတင်သွင်းနေရကြောင်း၊အထူးသဖြင့် သွပ်ရေစိမ် စတီးချောင်း သို့မဟုတ် အရောင်ချယ် စတီးပြားများ၏ ရာခိုင်နှုန်း ၉၀ ကို ပြည်ပမှ တင်သွင်းနေရကြောင်း  မြန်မာ့အထူးစီးပွား ရေးဇုန်ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင် နရီဗန်ထီးယူက ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန် (ဘီ) ၌ ပထမဆုံးရင်းနှီးမြှုပ်မည့်  JFEMERANTI Myanmar ကုမ္ပဏီလီမိတက်၏ JFE Steel Corporation စက်ရုံမြေပန္နက်တင်အခမ်းအနားကို မတ် ၁ ရက်က ကျင်းပသည်။

JFEMERANTI Myanmar ကုမ္ပဏီလီမိတက်၏ JFE Steel Corporation စက်ရုံကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် စီမံကိန်းအားလုံး ပြီးစီးမည်ဖြစ်ကြောင်း၊ ယင်းစက်ရုံပြီးစီးပါက မြန်မာနိုင်ငံသားပညာရှင်နှင့် လုပ်သား ၃၀၀ ခန့် အလုပ်အကိုင်အခွင့်အလမ်း ရရှိ မည်ဖြစ်ကြောင်း၊ စတင်လုပ်ကိုင်မည့် အလွှာအုပ်ပိုင်းတွင် သွပ်နှင့် သွပ်အလူမီနီယမ်  အုပ်နည်းပညာများနှင့် ပြုလုပ်မည်ဖြစ်ပြီး တစ်နှစ်လျှင် တန်ချိန်ပေါင်း ၁၈၀၀၀၀ ခန့်နှင့် အရောင်ခြယ်လိုင်းတွင် ဆန်းသစ်သောနည်းပညာများကို အသုံးပြု၍ အရည်အသွေးစံ ချိန်စံညွှန်းပြည့်ဝစွာဖြင့် တစ်နှစ်လျှင် တန်ချိန် ၉၀၀၀၀ ခန့် ထုတ်လုပ်မည်ဖြစ်ကြောင်း၊  JFE MERANTI ကုမ္ပဏီလီမိတက်သည် ဂျပန်နိုင်ငံရှိ စတီးနှင့်ပတ်သက်သောကုမ္ပဏီများထဲတွင် ဒုတိယအကြီးဆုံးဖြစ်ပြီး သီလဝါ အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများအနက် ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးဖြစ်ကြောင်း သိရသည်။

JFE MERANTI သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍအသီးသီးတွင် အထောက်အပံ့ဖြစ်စေမည့် အောင်မြင်သော  လုပ်ငန်းတစ်ခုဖြစ်လာမည်ဟု ယုံကြည်မျှော်လင့်ကြောင်းနှင့် ဂျပန်လုပ်ငန်းရှင်များအနေ ဖြင့် မြန်မာနိုင်ငံသို့ ယခုထက်ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် အလေးအနက်ဖိတ်ခေါ်ပါကြောင်း မြန်မာ့အထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင် နရီဗန်ထီးယူက ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ဒေါ်လာ သန်း ၁၀၀ ခန့် လာရောက်ရင်းနှီးမြှုပ်နှံမှုအတွက် ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ကောင်းမွန် လျင်မြန်စွာပြောင်းနေသည်နှင့်အမျှ JFE MERANTI အနေဖြင့် ယခုကဲ့သို့ စီးပွား ရေးပြောင်းလဲတိုးတက်မှုအပေါ် တစ်စိတ်တစ်ပိုင်း ပါဝင်အကျိုးပြုလာသည့်အတွက် ဝမ်းမြောက်မိပါကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။