ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်ရှိ ကျောင်းငါးကျောင်း ဆောက်လုပ်ရန် ဂျပန်အစိုးရက ဒေါ်လာ ၈၃၀၀၀၀ ကျော် ထောက်ပံ့

ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်ရှိ ကျောင်းငါးကျောင်း ဆောက်လုပ်ရန် ဂျပန်အစိုးရက ဒေါ်လာ ၈၃၀၀၀၀ ကျော် ထောက်ပံ့
Published 2 March 2018

ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်း ငါးကျောင်းဆောက်လုပ်ရေး စီမံကိန်းများအတွက် ဂျပန်အစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ၈၃၀၉၁၃ ဒေါ်လာထောက်ပံ့ပေးခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး Mr.Tateshi HIGUCHI နှင့် ချင်း၊ ရခိုင်နှင့် ကချင်ပြည်နယ်တို့မှ ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌတို့သည် စီမံကိန်းငါးခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။

စီမံကိန်းအလိုက် ထောက်ပံ့မှုများမှာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မာကြားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ဆောက်လုပ်ရေးစီမံကိန်းအတွက် ၁၈၁၀၂၄ ဒေါ်လာ၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျားနင်းကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဆောက်လုပ်ရေး စီမံကိန်းအတွက် ၁၇၃၉၂၃ ဒေါ်လာ၊  ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တပ်ကုန်းရွာမ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် ၁၃၁၈၃၆ ဒေါ်လာ၊ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက်  ၂၀၂၇၀၅ ဒေါ်လာ၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ဆောက်လုပ်ရေး စီမံကိန်းအတွက် ၁၄၁၄၂၅ ဒေါ်လာတို့ ဖြစ်သည်။

မာကြားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စာသင်ခန်းရှစ်ခန်းနှင့် ကျောင်းသုံးပရိဘာဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်သွားမည်ဖြစ်ပြီး စီမံကိန်းကြောင့် ကျောင်းသူကျောင်းသား ၁၉၈ ဦး အကျိုးခံစားရမည် ဖြစ်သည်။ ကျားနင်းကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင်လည်း စာသင်ခန်း ၁၀ ခန်းနှင့်ကျောင်းသုံး ပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်သွားမည်ဖြစ်ပြီး စီမံကိန်းကြောင့် ကျောင်းသူကျောင်းသား ၇၀၀ အကျိုးခံစားရမည် ဖြစ်သည်။

ထို့အတူ တပ်ကုန်းရွာမအခြေခံပညာ အလယ်တန်းကျောင်းတွင်လည်း စာသင်ခန်း ရှစ်ခန်းသန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူ ကွန်ကရစ်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပေးမည်ဖြစ်ပြီး စီမံကိန်းကြောင့် ကျောင်းသူကျောင်းသား ၅၆၄ ဦးအကျိုးခံစားရမည် ဖြစ်သည်။ ဗန်းမော်မြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းဆောက်လုပ်ရေး စီမံကိန်းတွင်လည်း စာသင်ခန်း ၁၀ ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင် တစ်ဆောင်ဆောက်လုပ်သွားမည်ဖြစ်ပြီး ကျောင်းသူကျောင်းသား ၁၂၀၂ ဦး အကျိုးခံစားရမည် ဖြစ်သည်။ ကန်ပက်လက်မြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ဆောက်လုပ်ရေး စီမံကိန်းတွင်လည်း စာသင်ခန်းရှစ်ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူ ကွန်ကရစ်ကျောင်းဆောင် ဆောက်လုပ်ပေးမည်ဖြစ်ပြီး ကျောင်းသူကျောင်းသား ၃၃၅ ဦးအကျိုးခံစားရမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်းပေါင်း ၈၅၁ ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေး ထောက်ပံ့ရေးစီမံကိန်းပေါင်း ၄၂၂ ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေး စီမံကိန်းပေါင်း ၂၀၁ ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင် စီမံကိန်းပေါင်း ၁၃၉ ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း ၅၄ ခုနှင့်အခြား စီမံကိန်းပေါင်း ၃၅ ခုတို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။