အညာသီဟတောဘုရားပွဲတွင် ကားတစ်စီး ဘရိတ်ပေါက်၍ ဆိုင်းဝိုင်းကို ဝင်တိုက်မိရာမှ ဆိုင်းဆရာတစ်ဦး သေဆုံးမှု ဖြစ်ပွား

အညာသီဟတောဘုရားပွဲတွင် ကားတစ်စီး ဘရိတ်ပေါက်၍ ဆိုင်းဝိုင်းကို ဝင်တိုက်မိရာမှ ဆိုင်းဆရာတစ်ဦး သေဆုံးမှု ဖြစ်ပွား
Published 2 March 2018

Photo - ဇင်သူ(ဘိသိက်)

မတ်လ ၁ ရက် (ယနေ့) နံနက် ၁၀ နာရီက ခင်ဦးမြို့နယ်၊ အညာသီဟတော ဘုရားပွဲတွင် Light Truck ကားတစ်စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ပဲ ဆိုင်းဝိုင်းကို ဝင်တိုက်မိရာ ဆိုင်းဆရာတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

"ဖြစ်စဉ်က ဒီကနေ့ မနက် ၁၀ နာရီလောက်က ဖြစ်ပွားခဲ့တာပါ။ သဘင်အစည်းအရုံးအဖွဲ့နဲ့ သဘင်လူမှုကူညီရေး အဖွဲ့တွေလည်း သတင်းကြားချက်ချင်း အရောက်လာပြီး လိုအပ်တာတွေ ကူညီထောက်ပံ့ပေးနေပါတယ်။ သူတို့ပြောလို့ သိရတဲ့အတိုင်းဆိုရင် ဇာတ်က တစ်ည ကပြီးပြီ ။ မနက်ခင်း ဆိုင်းဆရာ အိပ်နေချိန် ဆိုင်းဝိုင်းကို ကားက အရှိန်မထိန်းနိုင်ပဲ ဘရိတ်ပေါက်ပြီး ဆိုင်းဝိုင်းကို တိုက်မိတယ်လို့ သိရပါတယ်။ အခုလိုဖြစ်ပွားမှုအတွက် စိတ်မကောင်းပါဘူး။" ဟု သဘင်အစည်းအရုံးမှ ဒုတိယ ဥက္ကဋ္ဌ ဦးနေဝင်းက ပြောကြားသည်။

ဖြစ်စဉ်မှာ မန္တလာချစ်သူ ဇာတ်ပွဲမှ တစ်ညတာ ပွဲကအပြီး ဆိုင်းဆရာစိန်မြင့်ဝေသည် ဆိုင်းဝိုင်းအနီး အိပ်စက်အနားယူနေစဉ် ဘုရားဖူးလာသော Light Truck ကားမှ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်၍ သဘင်စက်ပစ္စည်များ ပျက်စီးခဲ့ကြောင်း၊ ဆိုင်းဆရာစိန်မြင့်ဝေမှာလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးမှ တာဝန်ရှိသူများ၊ သဘင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများမှ ယခုအခါ သွားရောက် ကူညီ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ ဇာတ်အဖွဲ့မှ ကျန်အဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) အနည်းငယ် ရရှိခဲ့ကြောင်း၊ ဇာတ်အဖွဲ့သုံး ပစ္စည်းများလည်း ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး ၎င်း Light Truck ကား မောင်းနှင်သူကို သက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

Most Read

Most Recent