<

စစ်တွေမြို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မသင်္ကာသူသုံးဦးအား ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေကြောင်း သိရ

စစ်တွေမြို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မသင်္ကာသူသုံးဦးအား ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဖမ်းဆီးစစ်ဆေးမှုများ ရှိသလားဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးအား ဆက်သွယ်မေးမြန်းခဲ့ရာ “မသင်္ကာသူ သုံးဦးအား စစ်ဆေးနေကြောင်းနှင့် အမည်ကို ထုတ်ဖော်ပြောကြားဖို့ စောပါသေးတယ်” ဟု ပြောကြားခဲ့သည်။

စစ်တွေမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၄ နာရီ ၁၀ မိနစ်ခန့်က လက်လုပ်မိုင်းသုံးလုံး သုံးနေရာတွင်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီးနောက် မပေါက်ကွဲသေးသည့် မိုင်းသုံးလုံးကိုလည်း တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ယင်းနှင့်ဆက်စပ်ပြီး မသင်္ကာသူများကို လိုက်လံစစ်ဆေးနေခြင်း ဖြစ်နိုင်ကြောင်းလည်း သိရသည်။

စစ်ဆေးမေးမြန်းရန်ဟုဆိုကာ ကိုနိုင်စိုး (ခ) မဲလုံး၊ စစ်တွေမြို့ လမ်းသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးရွှေထွန်းအောင်နှင့် အခြားနှစ်ဦးတို့အား ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်တွင် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ယင်းသို့ခေါ်ဆောင်သွားခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။ သို့သော် စစ်ဆေးရန်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းခံရသူ ကိုနိုင်စိုး၏ညီဖြစ်သူ ရဲပိုင်စိုးက “ညနေ ၆ နာရီကျော်လောက်ကတော့ ဓည၀တီနေအိမ်ကနေပြီး မေးမြန်းစရာရှိတယ်ဆိုပြီး ကိုနိုင်စိုးကိုခေါ်သွားတယ်။ အခုအထိတော့ ဘာမှမပြောဘူး။ ဘာကိုမေးမြန်းမှာလဲဆိုတာကိုလည်း သေချာမသိရသေးဘူး။ ကျွန်တော်တို့လည်း ရဲစခန်းကိုရောက်နေပါတယ်။ သူနဲ့ပတ်သက်ပြီး သိချင်လို့လိုက်လာတာပါ” ဟု ပြောကြားသည်။

စစ်တွေမြို့တွင် မှိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဒေသခံများကလည်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြကြောင်းနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံစေလိုကြောင်း ပြောဆိုဝေဖန်မှုများရှိနေသည်ဟု သိရသည်။

February 26, 2018














Copy Protected by Chetan's WP-Copyprotect.