လူမှုကွန်ရက်တွင် အပုပ်ချ စွပ်စွဲသည်ဟုဆိုကာ ရတနာပုံတက္ကသိုလ် ဆရာဆရာမများအစည်းအရုံး ဥက္ကဋ္ဌက တက္ကသိုလ်ဆရာဆရာမအသင်းများ ကိုယ်စားပြုကော်မတီနှင့် အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေးဗဟိုကော်မတီ ဦးဆောင်သူများအား အမှုဖွင့်

လူမှုကွန်ရက်တွင် အပုပ်ချ စွပ်စွဲသည်ဟုဆိုကာ ရတနာပုံတက္ကသိုလ် ဆရာဆရာမများအစည်းအရုံး ဥက္ကဋ္ဌက တက္ကသိုလ်ဆရာဆရာမအသင်းများ ကိုယ်စားပြုကော်မတီနှင့် အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေးဗဟိုကော်မတီ ဦးဆောင်သူများအား အမှုဖွင့်
Published 25 February 2018

ဖေ့စ်ဘွတ် လူမှုကွန်ရက်တွင် ၎င်းအား အပုပ်ချစွပ်စွဲသည်ဟုဆိုကာ ရတနာပုံတက္ကသိုလ် ဆရာဆရာမများအစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ ဦးသုတက တက္ကသိုလ်ဆရာဆရာမအသင်းများ ကိုယ်စားပြုကော်မတီနှင့် အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေး ဗဟိုကော်မတီ ဦးဆောင်သူများ ဖြစ်သည့် ဒေါက်တာ အာကာမိုးသူ၊ ဦးသန်းထိုက်အောင်၊ ဒေါက်တာ သန်းလွင်ဦးတို့အား အမရပူရရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

“ရတနာပုံတက္ကသိုလ် ကျောင်းဝင်းထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂလို့ နာမည်ခံထားတဲ့ ကျောင်းသားတစ်စုက ဥပဒေနဲ့မညီဘဲ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ အဲဒီလို ဆန္ဒပြတောင်းဆိုခြင်းဟာ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားတွေကို အနှောင့်အယှက် ဖြစ်ပေါ်စေသလို ဆန္ဒပြ တောင်းဆိုတဲ့ ကျောင်းသားတွေအတွက် နစ်နာဖွယ် အခြေအနေတွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ကျွန်တော်တို့ ရတနာပုံတက္ကသိုလ် ဆရာ၊ ဆရာမများအစည်းအရုံးက အလုပ်အမှုဆောင်တွေ အစည်းအဝေးထိုင်ပြီး အဲဒီဆန္ဒပြခြင်းကို ကန့်ကွက်ကြောင်း စာထုတ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ပြန်ကြေညာချက်ကို တက္ကသိုလ်ဆရာဆရာမအသင်းများ ကိုယ်စားပြုကော်မတီနှင့် အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေးဗဟိုကော်မတီ ဆိုတဲ့ အဖွဲ့အစည်းနှစ်ရပ်က ပြန်လည်ထုတ်ပြန် ကြေငြာခဲ့ရာမှာ ဆရာ့ဝတ်ငါးဖြာထဲက ဘေးရန်ဆီးကာဆိုသည့် ဆရာတွေ လိုက်နာရမယ့် ဝတ္တရားကို မျက်ကွယ်ပြုပြီးဆိုသည့် စကားရပ် ပါဝင်ခဲ့သလို ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရှက်ဖွယ်၊ ဆရာလို့ မခေါ်ထိုက်ဘူး၊ အလွန်ရှက်ဖို့ကောင်းတယ်လို့ ပြန်လည်ရေးသား ဖြန့်ဝေမှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အမရပူရရဲစခန်းမှာ ဥပဒေနဲ့အညီ အရေးယူပေးဖို့ အမှုဖွင့်တိုင်တန်းရတာ ဖြစ်ပါတယ်”ဟု ဆရာဦးသုတက ပြောကြားသည်။

“ဆရာတစ်ယောက်အနေနဲ့ တပည့်တွေထဲ လိမ္မာတဲ့တပည့်၊ ဆိုးတဲ့တပည့်၊ စာတော်တဲ့တပည့်၊ စာညံ့တဲ့တပည့် မျိုးစုံရှိပေမယ့် ဆရာတစ်ယောက်ရဲ့ကျင့်ဝတ်အရ မည်သည့်တပည့် အမျိုးအစားပဲဖြစ်ဖြစ် အားလုံးကို ကျောသားရင်သား ခွဲခြားလို့မရပါ။ အားလုံးကို တန်းတူရည်တူထားပြီး တစ်ပြေးတည်း ဆက်ဆံရပါတယ်။ ဆိုးတဲ့တပည့်၊ စာညံ့တဲ့ တပည့်ဆိုရင် ပိုတောင် ဂရုစိုက်ရပါသေးတယ်။ ဆရာတစ်ယောက်ရဲ့ ဆရာမဆန်တဲ့ အပြုအမူတွေ ဆုံးဖြတ်ချက်တွေကြောင့် သူတို့ရဲ့ ဘဝအညွန့်အဖူးတွေ ချိုးခံရတဲ့ အခြေအနေမျိုးတွေကို လုံး၀ လက်မခံနိုင်ပါ။ ဒါဟာ ဆရာပီသတဲ့ ဆရာတစ်ယောက်ရဲ့ မယိမ်းမယိုင် စောင့်ထိန်းရမည့် ရပ်တည်ချက်လို့ ခံယူပါတယ်။ ဆရာတစ်ယောက်အနေနဲ့ တပည့်တွေအပေါ် ဆရာဝတ် ငါးဖြာထဲက ဘေးရန်ဆီးကာဆိုတဲ့ ဝတ်ကို စောင့်ထိန်းမိလို့ တရားစွဲခံရမယ် အရေးယူခံရမယ် ဆိုရင်လည်း ဆရာတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာရှိရှိ ရင်ဆိုင်သွားမှာပါ”ဟု အမှုဖွင့်ခံရသူထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ကထိကဒေါက်တာ သန်းလွင်ဦးက ၎င်း၏ ဖေ့စ်ဘွတ်အကောင့်တွင် ရေးသားထားကြောင်း သိရသည်။