JICA မှ ထပ်မံချေးယူမည့် ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံ ရရှိပါက အာမခံမပေးအပ်နိုင်သည့် SME များအတွက် CGI စနစ်ဖြင့် ထုတ်ချေးမည်

JICA မှ ထပ်မံချေးယူမည့် ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံ ရရှိပါက အာမခံမပေးအပ်နိုင်သည့် SME များအတွက် CGI စနစ်ဖြင့် ထုတ်ချေးမည်
Published 24 February 2018

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ SME လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အာမခံမပေးအပ်နိုင်သည့် အသေးစား၊ အလတ်စားလုပ်ငန်း (SME) များကို Credit Guarantee Insurance စနစ်ဖြင့် ချေးငွေထုတ်ချေးမည်ဖြစ်ပြီး လုပ်ငန်းရှင်များဘက်မှ ချေးငွေလျှောက်ထားရာတွင် လိုအပ်ချက်များကို ပြည့်စုံအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“ယခုစီမံကိန်း (၂ ) တွင် အာမခံမရှိသူများ ချေးငွေရရှိအောင် CGI စနစ်ဖြင့် လမ်းဖွင့်ပေးထားခြင်းသည်လည်း ဖြေလျှော့မှုတစ်ခုပင်ဖြစ်ပါကြောင်း၊ SME လုပ်ငန်းရှင်များဘက်ကလည်း SME ချေးငွေ လျှောက်ထားသည့်အခါ လိုအပ်ချက်များကိုပြည့်စုံအောင် စီစဉ်ဆောင်ရွက်ခြင်းအားဖြင့် ပူးပေါင်းကူညီ ရမည်ဖြစ်ကြောင်း” ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တင်ပြခဲ့ခြင်းဖြစ်သည်။

ယခင်က ဆောင်ရွက်ခဲ့သော စီမံကိန်းအဆင့် (၁) တွင် အာမခံမပေးအပ်နိုင်သည့် SME လုပ်ငန်းများ ချေးငွေထုတ်ချေးနိုင်ခြင်းမရှိခဲ့သည့်အတွက် ယခုစီမံကိန်းအဆင့် (၂) တွင် အာမခံမပေးအပ်နိုင်သော SME လုပ်ငန်းများပါ ချေးငွေထုတ်ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားသည်။

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန် ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံ ချေးယူရန်ကိစ္စနှင့်ပတ်သက်ပြီး JICA စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် SME ကော်မတီ ကိုယ်စားလှယ်များ ညှိနှိုင်းပြီး အခြားသော ပြည်တွင်းချေးငွေ အတိုးနှုန်းများနှင့် ချိန်ဆ၍ သင့်လျော်သော အတိုးနှုန်းဖြစ်သည့် ၈ ဒသမ ၅ ရာခိုင်နှုန်းကို သတ်မှတ်ခဲ့ကြောင်း  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တင်ပြခဲ့သည်။

JICA မှ ရရှိသော ချေးငွေသက်တမ်း နှစ် ၄၀ အတွင်း SME လုပ်ငန်းများ ချေးငွေသက်တမ်းကို သုံးနှစ်သတ်မှတ်ပါက ၁၃ ကြိမ် အထိ ထုတ်ချေးပေးနိုင်ကြောင်း၊ ချေးငွေသက်တမ်းကို ငါးနှစ်သတ်မှတ်ပါက ရှစ်ကြိမ်အထိ လည်ပတ်ထုတ်ချေးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါချေးငွေကိစ္စရပ်နှင့် ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ခံယူရာ ထောက်ခံမဲများသည့်အတွက် လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်။

ရရှိမည့်ချေးငွေများကို ရန်ကုန်မြို့ရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေသည့် စက်မှုဇုန်များကို ကျပ် သိန်း ၅၀၀၀ ခန့်အထိ ထုတ်ချေးပေးနိုင်မည့် SMEs ချေးငွေများကို လာမည့် ၂၀၁၈ ခုနှစ် မတ်လအတွင်း ထုတ်ချေးမည်ဖြစ်ကြောင်း   ဒီဇင်ဘာ ၂၃ ရက်က UMFCCI တွင် ပြု လုပ်သည့်  မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်မှု အသင်းဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်၊ စက်မှုဇုန်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ SME ကော်မတီအစည်းအဝေးတွင် SMIDB ဘဏ်မှ CEO ဒေါက်တာဇေယျာညွန့်က ပြောကြားသည်။

“ကျွန်တော်တို့ကတော့  ဒီရက်ပိုင်းခွင့်ပြုချက်ကတော့ သိန်း ၅၀၀၀ ထက်မပိုဘူးပေါ့။ သိန်း ၅၀၀၀ ထက်မပိုဘဲ JICA သတ်မှတ်ထားတဲ့ သတ်မှတ်ချက်နဲ့ ထုတ်ချေးပေးမှာ။ ထုတ်ချေးပေးတဲ့အခါမှာလည်း JICA က  ခွင့်မပြုတဲ့လုပ်ငန်းဆိုရင်တော့ ကျွန်တော်တို့ ထုတ်ချေးလို့မရဘူးပေါ့” ဟု ဒေါက်တာ ဇေယျာညွန့်က ပြောကြားသည်။

ချေးငွေပြန်ဆပ်ရန်အတွက် ပထမနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ၁၀ ရာခိုင်နှုန်းနှင့် စတုတ္ထနှစ်တွင် ရာခိုင်နှုန်း ၂၀ နှင့် နောက်ဆုံးနှစ်တွင် ကျန်ငွေအားလုံးပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။