ပခုက္ကူသီးနှံဈေးကွက်တွင် ပဲစင်းငုံဝယ်လက် ပြန်နည်းသွားသဖြင့် တစ်တင်း ကျပ် ၁၀၀၀ ခန့် ဈေးနှုန်းကျဆင်းသွားပြီး ပြည်တွင်းသုံး ပဲအသစ်များလည်း ဈေးနှုန်းကျဆင်း

ပခုက္ကူသီးနှံဈေးကွက်တွင် ပဲစင်းငုံဝယ်လက် ပြန်နည်းသွားသဖြင့် တစ်တင်း ကျပ် ၁၀၀၀ ခန့် ဈေးနှုန်းကျဆင်းသွားပြီး ပြည်တွင်းသုံး ပဲအသစ်များလည်း ဈေးနှုန်းကျဆင်း
Published 24 February 2018

ပခုက္ကူမြို့နယ်တွင်း တောင်သူများ ယခုနှစ်ဦးပိုင်းက သီးနှံရိတ်သိမ်းမှု ပြုလုပ်နေစဉ်

ပခုက္ကူသီးနှံဈေးကွက်တွင် ယခုဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ပဲစင်းငုံဝယ်လက် ပြန်လည်နည်းပါးသွားသည့် အတွက် ပဲတစ် တင်း ကျပ် ၁၀၀၀ ခန့် ကျဆင်းသွားပြီး ပြည်တွင်းသုံး ပဲအသစ်များလည်း ဈေးနှုန်းကျဆင်း နေကြောင်း သိရသည်။

ပဲစင်းငုံသီးနံှမှာ ဖေဖော်ဝါရီလလယ်ပိုင်းက ပြည်တွင်းဝယ်လက်များ ပြန်လည်ဝယ်ယူခြင်းကြောင့် တစ်တင်းလျှင် ကျပ် ၁၄၂၀၀ အထိ ဈေးနှုန်းပြန်လည် မြင့်တက်လာခဲ့သော်လည်း ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ပဲစင်းငုံအသစ် တစ်တင်း ကျပ် ၁၃၀၀၀ နှင့် ပဲစင်းငုံ အဟောင်း တစ်တင်း ကျပ် ၁၂၈၀၀ အထိ ဈေးနှုန်းပြန်လည် ကျဆင်းသွားကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသ စိုက်ပျိုးမြေများမှ အဓိကထွက်ရှိသည့် ပဲစင်းငုံသီးနှံမှာ အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူပြီး ပြီးခဲ့သည့် ၂၀၁၇ သြဂုတ်တွင် အိန္ဒိယနိုင်ငံမှ ပဲစင်းငုံတင်သွင်းခွင့်အား စတင်ကန့်သတ်ခဲ့ ပြီးနောက် ပြည်တွင်းပဲဈေးကွက်မှာ အလွန်အမင်း ကျဆင်းခဲ့ကြောင်း သိရသည်။

“အိန္ဒိယနိုင်ငံဘက်က ပြန်ဝယ်တာလည်း နည်းသေးတော့ ပြည်တွင်းမှာပဲ အရောင်းအဝယ် လုပ်နေကြတာ များပါတယ်။ လှောင်လက်သမားတွေနဲ့ လက်ကျန်ရှိတဲ့ တောင်သူတွေ အဓိက ရောင်းဝယ်နေကြတာပါ။ အခု ရက်ပိုင်းတော့ ပဲစင်းငုံအရောင်းအဝယ် ပြန်အေးသွားပါတယ်။ ဈေးလည်း အရင်ရက်ထက် ထပ်ကျသွားတယ်” ဟု ပခုက္ကူကုန်စည်ဒိုင် အတွင်းရေးမှူး ကိုစိန်လွင်က ပြောကြားသည်။

ပဲစင်းငုံဈေးနှုန်း ကျဆင်းခြင်းကြောင့် တောင်သူအချို့ သီးနှံမရိတ်သိမ်းတော့ဘဲ တိရစ္ဆာန်များအား စားကျက်ချခြင်းများ ပြုလုပ်ခဲ့ပြီး လာမည့်မိုးဦးကျချိန် စိုက်ပျိုးရာသီအထိ သီးနှံဈေးနှုန်း မြင့်တက်လာခြင်း မရှိပါက ပဲစင်းငုံကို လုံးဝစိုက်ပျိုးတော့မည် မဟုတ်ကြောင်း သိရသည်။

“အရင်ရက်က ဈေးတက်လာတော့ နည်းနည်းတော့ မျှော်လင့်မိတာပေါ့။ လက်ကျန်လေးဈေးရမလားရယ် တစ်တင်း ၂၀၀၀၀ ပြန်ကျော်လာရင် လာမယ့်မိုးဦးစိုက်ဖို့ရယ်။ အခုဈေးက ပြန်ကျနေတာဆိုတော့ စိုက်ဖို့ကတော့ မမျှော်တော့ပါဘူး။ ပဲစင်းငုံကတော့ ပခုက္ကူတစ်နယ်လုံးက တောင်သူတွေ အတော်လေး အထိနာတဲ့နှစ်ပါ” ဟု မြိုင်မြို့နယ် အိုးရင်ရွာမှ ကိုဗညားက ပြောကြားသည်။

ပြည်တွင်းသုံး စွန်တာနီ၊ စွန်တာဖြူနှင့် ပဲကြီးတု့ိမှာ ဖေဖော်ဝါရီလဆန်းပိုင်းက ပခုက္ကူဈေးကွက်သို့ စတင်ဝင်ရောက်ချိန်တွင် ဝယ်လက်များပြားခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ယခုအခါ ကုန်ဝင်ရောက်မှု များပြားသော်လည်း ဝယ်လက်အေးသွားသည့်အတွက် တစ်တင်းလျှင် ကျပ် ၅၀၀၀ ခန့်အထိ ဈေးနှုန်း ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။

ပခုက္ကူဈေးကွက်အတွင်း ဝင်ရောက်နေဆဲဖြစ်သည့် စွန်တာနီမှာ ယောဒေသထွက် သီးနှံဖြစ်ပြီး ယခု ဖေဖော်ဝါရီ ၂၃ ရက်အထိ ဈေးကွက်တွင် ယောစွန်တာနီ တစ်တင်းကျပ် ၂၅၅၀၀၊ ယောစွန်တာဖြူတစ်တင်း ကျပ် ၂၉၀၀၀ နှင့် ပဲကြီးနက် တစ်တင်း ကျပ် ၃၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

ပခုက္ကူဒေသတစ်ဝိုက် တောင်သူများမှာ ယခု၂၀၁၈ ခု နှစ်ဦးတွင်လည်း သီးနှံဈေးနှုန်း ကျဆင်းနေသည့်အတွက် စိုက်ပျိုးစရိတ်ချေးငွေများအား ယာလုပ်ငန်းသုံးနွားများကို ရောင်းချပေးဆပ်နေရကြောင်း သိရသည်။