နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား Harvard Foundation က ဘင်္ဂါလီများ၏ဒုက္ခများဖြေရှင်းပေးရန် တောင်းဆို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား Harvard Foundation က ဘင်္ဂါလီများ၏ဒုက္ခများဖြေရှင်းပေးရန် တောင်းဆို
Published 24 February 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား Harvard Foundation က ရခိုင်အရေးနှင့်ပတ်သက်ပြီး ဘင်္ဂါလီများ၏ဒုက္ခများကို ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။

Harvard Foundation က ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်သောကြေညာချက်တွင် သူ့အနေဖြင့် ယခင်ကဲ့သို့ လူသားချင်း စာနာ ထောက်ထားမှုနှင့် ဒီမိုကရေစီသူရဲကောင်းဟု တင်စားခံရခြင်းနှင့် လိုက်ဖက်ရန် ဘင်္ဂါလီများ၏ (မူရင်းတွင် ရိုဟင်ဂျာဟုသုံးနှုန်းထား) လူ့ အခွင့်အရေးများနှင့် နိုင်ငံသားအခွင့်အရေးများကို ဆက်ပြီး မျက်ကွယ်မပြုသင့်ပါကြောင်း ရေးသားထားသည်။

Harvard Foundation က ၂၀၁၆ ခုနှစ် တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “Humanitarian of the Year” ဆုကို ချီးမြှင့်ခဲ့ပြီး ဆုပေးအပ်သည့် အခမ်းအနားတွင် Harvard ၏ အစ္စလမ္မစ် ကျောင်းသားအဖွဲ့အစည်းနှင့် ကျောင်းသားအချို့က ဆန္ဒပြခဲ့သည်။

အဆိုပါထုတ်ပြန်ချက်ကို Harvard Foundation မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ၃၂ ဦးက လက်မှတ်ရေးထိုးထားပြီး ကျောင်းသားတော်တော်များများက ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သရေရှိသည့် သမိုင်းက နိုင်ငံ့ဂုဏ်ဆောင်ဖြစ်လာပြီး နောက်ပိုင်း ဘင်္ဂါလီများအပါအဝင် အခြားတိုင်းရင်းသား မျိုးနွယ်စုများအပေါ် ဆက်ဆံသည့်ပုံစံက Harvard Foundation ပေးအပ်ခဲ့သည့် ဆု၏အဓိပ္ပာယ်နှင့် ဆန့်ကျင်ဘက်ကြီးဖြစ်နေသည်ဟု ပြောဆိုထားကြောင်း သိရသည်။