စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ်တွင် ကျပ်သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းမည်းအများအပြား ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ်တွင် ကျပ်သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းမည်းအများအပြား ဖမ်းဆီးရမိ
Published 23 February 2018

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၅ နာရီခန့်က သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းမည်းအများအပြား ဖမ်းဆီးရမိခဲ့ကြောင်း ပင်လည်ဘူးမြို့မရဲစခန်း၏ ကနဦး မှတ်တမ်းများအရ သိရသည်။

ပင်လည်ဘူး-ကောလင်းသွား ကားလမ်း ပင်လည်ဘူးမြို့အထွက်ရှိ ဦးခိုင်ဝင်း၏ ဈေးဆိုင်အနီး၌ လူတစ်ဦးမှာ ဆိုင်ကယ်ပေါ်တွင် ပီနံအိတ်တစ်လုံး တင်ဆောင်လာ၍ မသင်္ကာဖွယ် မောင်းနှင်လာသည်ကို သက်ဆိုင်ရာအဖွဲ့က တွေ့ရှိသဖြင့် စစ်ဆေးရန် ရပ်ခိုင်းခဲ့ကြောင်း အဆိုပါ ရဲမှတ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

စစ်ဆေးမေးမြန်းရန် ဆိုင်ကယ်အား ရပ်တန့်ခိုင်းခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူမှာ ထွက်ပြေးခဲ့သော်လည်း ၎င်းအား လုံးထွေးကာ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ဖမ်းဆီးရမိသူမှာ မြင့်အောင်ဆိုသူဖြစ်ကြောင်း သိရသည်။

၎င်းအားစစ်ဆေးရာတွင် ပီနံအိတ်အတွင်းမှ ဘိန်းမည်းဟု ယူဆရသော အမည်းရောင်အစေး တစ်ပိသာပါ နှစ်ထုပ်၊ ၉၀ ကျပ်သားပါ ၁၃ ထုပ်၊ ၈၀ ကျပ်သားခန့်ရှိ အထုပ် ၁၅ ထုပ်၊ ၇၀ ကျပ်သားရှိ အထုပ်လေးထုပ်၊ စုစုပေါင်းကာလတန်ဖိုးကျပ် ၁၃၉၆၁၆၀၁၀ တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး တရားခံဟုယူဆသူသည် ကယားပြည်နယ် လွိုင်ကော်မြို့နယ် နမ်းနောက်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပင်လည်ဘူး မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။