လက်ရှိ ဈေးကွက်တိုးချဲ့ ရှာဖွေထားနိုင်သည့်အတွက် ထုတ်လုပ်မှုကဏ္ဍဘက်မှ ထပ်တူ တိုးတက်လာမည်ဆိုပါက လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် လေးသန်းကို အလွယ်တကူ တင်ပို့နိုင်မည်ဟုဆို

လက်ရှိ ဈေးကွက်တိုးချဲ့ ရှာဖွေထားနိုင်သည့်အတွက် ထုတ်လုပ်မှုကဏ္ဍဘက်မှ ထပ်တူ တိုးတက်လာမည်ဆိုပါက လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် လေးသန်းကို အလွယ်တကူ တင်ပို့နိုင်မည်ဟုဆို
Published 22 February 2018

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ဝင်းအတွင်းရှိ ဆန်ပွဲရုံ တစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)

ဆန်စပါးတင်ပို့မှုကဏ္ဍနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် ဈေးကွက်ရှာဖွေရေးကို ကောင်းမွန်စွာ တိုးချဲ့ရှာဖွေထားနိုင်သည့်အတွက် ထုတ်လုပ်မှုကဏ္ဍဘက်မှ ထပ်တူ တိုးတက်လာမည်ဆိုပါက လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် လေးသန်းကို လွယ်လွယ်ကူကူ တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

“ဒီနှစ်က တော်တော်များကြီးကို တိုးချဲ့ထားပြီး ဈေးကွက်တိုးမြှင့် ဆောင်ရွက်တာက ဒီမြန်မာနိုင်ငံမှာ ၂၀၁၇ ဧပြီ၊ မေမှာ The Rice Traders Conference ကို လုပ်ခဲ့တယ်လေး။ လုပ်ခဲ့တော့ ဒီညီလာခံနဲ့ ဆက်ဆက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဆန်စပါးဈေးကွက် တိုးချဲ့ရေးကို IFC, World Bank ပေါ့ ကမ္ဘာ့ဘဏ်ကလည်း ကူညီပေးတယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ကော်မတီတွေ နောက်တစ်ခါ ကုမ္ပဏီတွေကလည်း တိုးချဲ့လုပ်တော့ ဈေးကွက်ရှာဖွေရေးကတော့ တော်တော်ကောင်းနေပြီ အဲဒီနောက်ကနေ ထုတ်လုပ်မှုကပါ လိုက်လာမယ်ဆိုရင် တန်ချိန် လေးသန်းကို ၂၀၂၀-၂၀၂၁ ခုနှစ်မှာ လွယ်လွယ်ကူကူနဲ့ ပို့နိုင်ပြီ”ဟု အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

ယခင်က ဆန်နှင့် ဆန်ကွဲတင်ပို့မှု စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၇၀ ကျော်ကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ပြည်ပဈေးများကို ပိုမိုရှာဖွေနိုင်ခဲ့သည့်အတွက် ပင်လယ်ရေကြောင်းမှ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုများ မြင့်တက်လာကြောင်း သိရသည်။

ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံအနေဖြင့် ဆန်နှင့်ဆန်ကွဲ ပြည်ပသို့ တင်ပို့ရာတွင် နိုင်ငံပေါင်း ၆၂ နိုင်ငံအထိ ဈေးကွက်တိုးချဲ့ကာ တင်ပို့နိုင်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်များထက် နိုင်ငံပေါင်း ၂၂ နိုင်ငံအထိ တိုးချဲ့တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲ အများဆုံး တင်ပို့ထားသည့် နိုင်ငံများမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အနောက်အာဖရိကနိုင်များ၊ သီရိလင်္ကာ၊ ဆီနီဂေါ၊ အာဖဂန်နစ္စတန်နှင့် ပိုလန်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

“အာဖရိကဈေးကွက်က ဝယ်လိုအား ကောင်းပါတယ်။ ပင်လယ်ရေကြောင်းရဲ့ ၁ ဒသမ ၁ ၊ ၁ ဒသမ ၂ လောက် တင်ပို့ပြီးပြီပေါ့နော်။ အဲဒီတင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းက အာဖရိကကို သွားတာပါ။ သူကတော့ တန်းနိမ့်ဆန်ရယ်၊ ဆန်ကွဲရယ် သွားတာများတယ်။ တန်းနိမ့် ဆန်ဆိုတာ ၂၅ မှတ်အဆင့်ပေါ့။ တန်းမြင့်ဆန်က ဥရောပသွားတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၉ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းကျော် တင်ပို့ထားပြီး နှစ် ၅၀ အတွင်း ပထမဆုံးစံချိန်တင် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။