လှိုင်သာယာစက်မှုဇုန်ရှိ ပရီမီယာကော်ဖီစက်ရုံမှ အလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး တောင်းဆိုမှု၊ အငြင်းပွားမှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

လှိုင်သာယာစက်မှုဇုန်ရှိ ပရီမီယာကော်ဖီစက်ရုံမှ အလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး တောင်းဆိုမှု၊ အငြင်းပွားမှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
Published 22 February 2018

ပရီမီယာကော်ဖီစက်ရုံမှ ဆန္ဒပြအလုပ်သမားများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်

လှိုင်သာယာစက်မှုဇုန်ရှိ ပရီမီယာကော်ဖီစက်ရုံမှ အလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးတောင်းဆိုမှု၊ အငြင်းပွားမှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၁ ရက်မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲကို ပရီမီယာကော်ဖီ အခြေခံအလုပ်သမားအဖွဲ့အစည်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အလုပ်သမားအခွင့်အရေး တောင်းဆိုချက်များနှင့်ပတ်သက်၍ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့မှု၊ မပြေလည်မှုများကို ပြောကြားခဲ့ပြီး တရားလွှတ်တော်ရှေ့နေ ဦးဌေးကလည်း အလုပ်သမားများ၏ အခွင့်အရေးရရှိရန် စုပေါင်းတောင်းဆိုမှုများသည် တရားဥပဒေနှင့်ညီကြောင်း ဥပဒေပိုင်းအရ ရှင်းလင်းပြောကြားသည်။

“အကုန်လုံးက အရေးကြီးတဲ့အချက်တွေပါ။ အဲဒီထဲကမှ ငွေရေးကြေးရေးနဲ့ဆိုင်တဲ့ KPI သတ်မှတ်ချက်နှစ်မှတ်ကို ၂၂၀၀၀ ကျပ်အဖြစ် သတ်မှတ်ပေးရန်ဆိုတဲ့အချက် အလုပ်သမားအများစုဆန္ဒဖြစ်ပါတယ်။ KPI ငွေကြေးခံစားခွင့်ကို ခြောက်လမှ စတင်ခံစားခွင့်ပြုရန်၊ အလုပ်သမားအခြင်းခြင်း ခွဲခြားဆက်ဆံမှုမပြုလုပ်ရန် အချက်သုံးချက် ဖြစ်ပါတယ်။ ဒီသုံးချက်စလုံးကို လိုက်လျောပေးမယ်ဆိုရင်တော့ ပိုပြီးတော့အဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီသုံးချက်စလုံးက အလုပ်သမားအားလုံး လိုချင်နေတဲ့အချက်တွေဖြစ်ပါတယ်။ ဒါကိုမှတစ်ချက်ကို လိုက်လျောလို့ အဆင်ပြေမယ်ဆိုတာက ငွေရေးကြေးရေးနဲ့ သက်ဆိုင်တဲ့အချက်တွေဖြစ်ပါတယ်။ ဒါကလည်း အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဖြစ်ပါတယ်။ နှစ်တိုးကြေးပါ။ ဒါက ဝန်ထမ်းတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ခံထားရတဲ့အတွက်ကြောင့် စုပေါင်းတောင်းဆိုမှုလုပ်တာပါ။ ဒါကြောင့်မို့လို့ လူ့အခွင့်အရေးကို ချိုးဖောက်ခံနေရတဲ့ ဝန်ထမ်းတွေရဲ့ကိုယ်စား အလုပ်သမားကိုယ်စားလှယ်တွေ သတင်းစာရှင်းလင်းပွဲမှာ ပြောပေးတာပါ။ စားသုံးသူပြည်သူအနေနဲ့ ပရီမီယာက ဝန်ထမ်းတွေစုပေါင်း တောင်းဆိုမှုပွဲပြီးမှသာလျှင် ပရီမီယာစက်ရုံက ထုတ်ကုန်တွေကို စားသုံးပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ပရီမီယာကော်ဖီ အခြေခံအလုပ်သမားအဖွဲ့အစည်း၏ အတွင်းရေးမှူး မခင်မမက ပြောကြားသည်။

ပရီမီယာကော်ဖီစက်ရုံမှ အလုပ်သမားများတောင်းဆိုနေသည့် အချက် ၁၄ ချက်မှာ KPI သတ်မှတ်ချက် နှစ်မှတ်ကို ၂၂၀၀၀ ကျပ်အဖြစ် သတ်မှတ်ပေးရန်၊ KPI ငွေကြေးခံစားခွင့်ကို ခြောက်လမှ စတင်ခံစားခွင့်ပြုရန်၊ အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံခြင်းမပြုရန်၊ အလုပ်သမားများအား EC စာချုပ်တွင် ချုပ်ဆိုထားသော အလုပ်ဌာနမှလွဲ၍ အခြားဌာနများသို့ ပြောင်းရွှေ့ခိုင်းစေခြင်းမပြုရန်၊ တရားဝင်ခွင့်တိုင်ကြား၍ ပျက်ကွက်သည်ကို ရက်မှန်ကြေးဖြတ်တောက်ခြင်းမပြုရန်၊ ကျန်းမာရေးအခြေအနေကြောင့် ဆေးခန်းတွင်နားနေသော အလုပ်သမားများအား ငွေကြေးဖြတ်တောက်ခြင်းမပြုရန်၊ ဆေးခန်းတွင် အလုပ်သမားများအတွက် အခြေခံလိုအပ်သော ဆေးဝါးများ လုံလောက်စွာထားရှိပေးရန်၊ အလုပ်သမားများအတွက် သန့်ရှင်းကောင်းမွန်သော သောက်သုံးရေလုံလောက်စွာ ထားရှိပေးရန်၊ အလုပ်သမားများအား လုပ်ငန်းများနှင့်မသက်ဆိုင်သော ကြမ်းတိုက်ခြင်း၊ မှန်များသုတ်ခိုင်းခြင်းများ မပြုလုပ်ရန်၊ အပြင်ဆင်းအလုပ်သမားများကို အမြဲတမ်းဝန်ထမ်းများနည်းတူ ခံစားခွင့်များ တန်းတူပေးရန်နှင့် EC စာချုပ်ချုပ်ဆိုပေးရန်၊ နှစ်စဉ်တိုးပေးမြဲဖြစ်သောလစာကို ယခင်နှစ်များနည်းတူ ဘတ်ဒိတ်ဖြင့်ပြန်ပေးရန်၊ အနည်းဆုံးအခကြေးငွေအသစ် အတည်ပြုနှုန်းထားထွက်လာပါက အနည်းဆုံးအခကြေးငွေ ဥပဒေပုဒ်မ ၂ (င)နှင့် ပုဒ်မ ၁၂ (ခ)တို့အရ အလုပ်သမားများရရှိထားသော အခကြေးငွေကို ပေါင်းယူ၍ဖြတ်တောက်ခြင်းမပြုလုပ်ရန်၊ ယခုစုပေါင်းတောင်းဆိုမှုတွင် ပါဝင်သော အလုပ်သမားများအား နောင်တွင် လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းများအရမဟုတ်ဘဲ အငြိုးအတေးထား၍ အပြစ်ပေးအရေးယူခြင်း၊ ဌာနပြောင်းရွှေ့ခြင်း၊ အလုပ်ထုတ်ပယ်ခြင်းများမပြုလုပ်ရန် တို့ဖြစ်ကြောင်း သိရသည်။

ပရီမီယာကော်ဖီ စက်ရုံအလုပ်သမားများ၏ တောင်းဆိုချက်များကို ဖေဖော်ဝါရီ ၂ ရက်မှ ၂၀ ရက်အထိ မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် အလုပ်ရှင်ကိုယ်စားလှယ်များနှင့် ငါးကြိမ်ညှိနှိုင်းတွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ကြောင်း၊ အလုပ်သမားများ၏ တောင်းဆိုချက် ၁၄ ချက်ထဲမှ အလုပ်သမားဥပဒေတွင်ပါဝင်သော အချက်ခြောက်ချက်ကိုသာ အလုပ်ရှင်ကိုယ်စားလှယ်များဘက်မှ သဘောတူခဲ့ပြီး သဘောတူစာချုပ်ချုပ်ဆိုခြင်း မပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ဆွေးနွေးညှိနှိုင်းများ ပြေလည်မှုမရရှိခဲ့သောကြောင့် အလုပ်သမားများက ဖေဖော်ဝါရီ ၁၃ ရက်မှစတင်၍ စက်ရုံအပြင်ထွက်၍ စုပေါင်းတောင်းဆိုမှုပြုလုပ်ခဲ့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၂ ရက်တွင် ပရီမီယာကော်ဖီ အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်ရှင်ကိုယ်စားလှယ်တို့ ခြောက်ကြိမ်မြောက် တွေ့ဆုံမည်ဖြစ်ပြီး ပြေလည်ခြင်းမရရှိပါက ဖေဖော်ဝါရီ ၂၃ ရက်တွင် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်မည်ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာစက်မှုဇုန်ရှိ ပရီမီယာကော်ဖီစက်ရုံတွင် အမြဲတမ်းဝန်ထမ်း ၉၃၃ ယောက်ရှိပြီး အလုပ်သမား ၆၀၀ ကျော်က အလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးရရှိရေးအတွက် စုပေါင်းတောင်းဆိုမှုများကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၆ နာရီမှစတင်ကာ ယနေ့အထိ ပရီမီယာကော်ဖီစက်ရုံရှေ့၌ စုပေါင်းတောင်းဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။