ပြည်ထောင်စု၏ဘဏ္ဍာ ရန်ပုံငွေအတွင်းရှိ နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများ၏ ကိုယ်ပိုင်ဘဏ္ဍာ ရန်ပုံငွေစာရင်း (Other Account) လက်ကျန်ငွေ စုစုပေါင်း ကျပ်ဘီလျံ ၁၁၀၀၀ ကျော်ရှိ

ပြည်ထောင်စု၏ဘဏ္ဍာ ရန်ပုံငွေအတွင်းရှိ နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများ၏ ကိုယ်ပိုင်ဘဏ္ဍာ ရန်ပုံငွေစာရင်း (Other Account) လက်ကျန်ငွေ စုစုပေါင်း ကျပ်ဘီလျံ ၁၁၀၀၀ ကျော်ရှိ
Published 21 February 2018

ပြည်ထောင်စု၏ဘဏ္ဍာ ရန်ပုံငွေအတွင်းရှိ နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများ၏ ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်ရှိ ကိုယ်ပိုင်ဘဏ္ဍာ ရန်ပုံငွေစာရင်း (Other Account - OA) လက်ကျန် အခြေအနေမှာ စုစုပေါင်းကျပ် ၁၁၄၉၁၇၂၀ ဒသမ ၅၉၇ သန်းရှိကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လွှတ်တော်သို့ ထည့်သွင်းတင်ပြထားသည်။ ယင်းလက်ကျန်ငွေ ကျပ် ၁၁၄၉၁၇၂၀ ဒသမ ၅၉၇ သန်းသည် ကိုယ်ပိုင်ဘဏ္ဍာ ရန်ပုံငွေစာရင်းအဖြစ် သီးခြားဖော်ပြထားသော်လည်း ပြည်ထောင်စုအစိုးရ၏ အပ်ငွေစာရင်း (Union Government Deposit Account) တွင် အပါအဝင် ဖြစ်သည်ဟု သိရကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဆိုသည်။

၂၀၁၇ ခုနှစ် မတ် ၃၁ ရက်ရှိ ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအတွင်းရှိ နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများ၏ ကိုယ်ပိုင်ဘဏ္ဍာ ရန်ပုံငွေစာရင်း (OA) လက်ကျန်အခြေအနေမှာ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၌ ကျပ် ၃၃၉၂၄ ဒသမ ၇၀၉ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့စာတိုက်လုပ်ငန်းတို့၏ စုစုပေါင်း OA လက်ကျန်ငွေမှာ ကျပ် ၂၃၀၅၃၆၇ ဒသမ ၈၅၁ သန်းရှိကြောင်း ပူးပေါင်းကော်မတီက ဆိုသည်။

ထို့ပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းတို့၏ စုစုပေါင်း OA လက်ကျန်ငွေမှာ ကျပ် ၂၆၀၃၈၁၇ ဒသမ ၁၈၉ သန်းရှိပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းတို့၏ OA လက်ကျန်ငွေမှာ ကျပ် ၆၃၃၆၅၀၂ ဒသမ ၈၀၆ သန်းရှိကြောင်း ကော်မတီက လွှတ်တော်သို့ တင်ပြထားသည်။

ထို့အတူ စက်မှုဝန်ကြီးဌာနရှိ အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း၊ အမှတ် (၃) အကြီးစား စက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါး လုပ်ငန်းတို့၏ OA လက်ကျန်ငွေမှာ ကျပ် ၂၁၂၁၀၈ ဒသမ ၀၄၂ သန်းရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

ဆက်လက်၍ ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်ရှိ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေပြင်ပမှ လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၏ ဘဏ်စာရင်း လက်ကျန်အခြေအနေမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့တွင် စုစုပေါင်း ကျပ် ၈၅၈၈၆ ဒသမ ၄၉၇ သန်းနှင့် အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၂၇၄ သန်းရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏ အထက်ပါငွေစာရင်းများနှင့် ပြည်ထောင်စုအစိုးရ၏ အပ်ငွေစာရင်းတို့၏ ဆက်နွှယ်မှု အခြေအနေ၊ ၎င်းစာရင်းများ၏ လည်ပတ်ဆောင်ရွက်မှုနှင့် ထိန်းသိမ်းကြပ်မတ်မှုများကို ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ရှင်းလင်းတင်ပြရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်ထားသည်။

“Other Account တွေက ဟိုအစိုးရ လက်ထက်တုန်းက သူ့ဝန်ကြီးဌာနက သူ့ပိုက်ဆံနဲ့သူ လည်လို့ရအောင် ဆိုပြီးတော့ လုပ်ခဲ့တဲ့ ပုံစံတစ်ခုပေါ့နော်။ အဲဒီမှာ ဘာတစ်ခု ဖြစ်လာလဲဆိုရင် Other Account နဲ့ပတ်သက်ပြီး ကျွန်တော်တို့ လွှတ်တော်ကိုလည်း တင်ပြထားမှုနည်းတယ်။ ဘယ်အခါမှာ တင်ပြလည်းဆိုရင် သူ့ဟာနဲ့သူလုပ်တဲ့ လုပ်ငန်းတွေက အရှုံးပြတဲ့ အခါကျရင် လွှတ်တော်မှာ ပိုက်ဆံတောင်းတော့မယ်။ အဲဒီဥစ္စာတွေတော့ တင်ပြတယ်။ ဘယ်ဟာကတော့ ဘယ်လောက်မြတ်ပြီးတော့ သူတို့မှာ ဝန်ကြီးဌာနတစ်ခုမှာ Other Account နဲ့ဆောင်ရွက်နေတဲ့ ဟာတွေကျတော့ လွှတ်တော်ကို မတင်ပြဘူး။ အဲဒီအခါကျတော့ လွှတ်တော်က အများအားဖြင့် Other Account နဲ့ပတ်သက်ပြီးတော့ ဝန်ကြီးဌာနတွေရဲ့ လက်ထဲမှာ ဘယ်လောက်ရှိပြီလဲ ဆိုတာကို အတိအကျ မသိဘူး။ မသိတဲ့အခါကျတော့ ဒီဟာကို Handle လုပ်လို့မရတဲ့အခါကျတော့ လွှတ်တော်ထဲမှာပဲ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကိုပဲ တစ်ခုချင်းကိုပဲ မေးမေးနေရတယ်။ မေးနေရတဲ့ အခါကျတော့ ဒီဟာတွေဟာ Effective ဖြစ်သလား၊ မဖြစ်ဘူးလား ဆိုတာကို ဝေဖန်သုံးသပ်ဖို့ကျတော့ ဘယ်လိုမှ ဝေဖန်သုံးသပ်လို့ မရဘူး ဖြစ်နေတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောကြားသည်။