ဧရာဝတီမြစ်ရေ မြစ်ကြီးနားမြို့တွင် စင်တီမီတာ ၁၁၀၀ နီးပါး ရောက်ရှိနေပြီး အနိမ့်ပိုင်း ရပ်ကွက်အချို့ ရေဝင်နစ်မြုပ်ကာ အိမ်ထောင်စု ၃၀ နီးပါး နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရ

ဧရာဝတီမြစ်ရေ မြစ်ကြီးနားမြို့တွင် စင်တီမီတာ ၁၁၀၀ နီးပါး ရောက်ရှိနေပြီး အနိမ့်ပိုင်း ရပ်ကွက်အချို့ ရေဝင်နစ်မြုပ်ကာ အိမ်ထောင်စု ၃၀ နီးပါး နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရ
Published 13 August 2017

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် စင်တီမီတာ ၁၁၀၀ နီးပါး ရောက်ရှိနေကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဌာနမှ သတင်းရရှိသည်။

ယခု အခြေအနေသည့် ၂၀၁၇ ခုနှစ်အတွင်း အမြင့်ဆုံး ရောက်ရှိခဲ့သည့် အခြေအနေဖြစ်ပြီး သြဂုတ် ၁၂ ရက် နေ့လယ်ပိုင်းတွင် ၁၀၉၉ စင်တီမီတာအထိ ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် ၁၀၇၄ စင်တီမီတာသို့ ပြန်လည်ကျဆင်းနေကြောင်း သိရသည်။ မြစ်ရေတက်မှုကြောင့် မြစ်ဘေးရှိ မြစ်ဆုံအပန်းဖြေစခန်း သွားရာ လမ်းပိုင်းအချို့နှင့် ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများမှာ ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း သိရသည်။

မြစ်ကြီးနားမြို့လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ရမ်ပူ စသည့် အနိမ့်ပိုင်းရပ်ကွက် နေရာအချို့ ရေဝင်နစ်မြုပ်နေပြီး အိမ်ထောင်စု ၃၀ နီးပါး နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထိုက်က “မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေ အမှတ်က ၁၀၉၉ အထိ ရောက်ပြီး အခု ညနေ ၄ နာရီခွဲ တိုင်ထွာချက်က ၁၀၇၄ စင်တီမီတာမှာ တန့်နေတယ်။ ကချင်ပြည်နယ် အထက်ပိုင်း ဒေသတွေမှာ မိုးကြီးတယ်။ နောက်ထပ်တက်လာနိုင်သေးတယ်။ စိုးရိမ်ရေမှတ်တော့ မရောက်နိုင်ဘူး။ မြစ်ကြီးနား မိုးရေချိန်က သုံးလက်မကျော်ရှိတယ်။ နောက်ရက်များမှာ ဗန်းမော်၊ ရွှေကူမြို့တွေမှာ စိုးရိမ်ရေမှတ်နီးပါး ရောက်နိုင်တယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ် စိုက်ပျိုးရေးဌာနမှ ဧရာဝတီမြစ်ရိုးတွင် မိုးပြောင်းခင်းများ ရေနစ်မြုပ်မှုများ ရှိနေပြီး ဧကမည်မျှ ရှိနေသည်ကို မသိရသေးကြောင်း သုံးရက်ထက် ကျော်လွန်နစ်မြုပ်ပါက ပျက်စီးနိုင်သည့် အနေအထားဖြစ်ကြောင်း၊ ဧရာဝတီမြစ်ရိုးတောင်သူများ ပြောကြားချက်အရ ဝိုင်းမော်မြို့နယ်၊ တာလောကြီးတိုက်နယ်၊ ဆယ်ဘိုတိုက်နယ်တို့တွင် ဒေသခံ ပြောင်းခင်းများနှင့် တရုတ်ငှက်ပျောခြံ အချို့ပါ ဧကပေါင်းများစွာ ရေဝင်နေပြီး ပြောင်းခင်းများမှာ ပျက်စီးမည့် အခြေအနေဖြစ်ကြောင်း သိရသည်။

Most Read

Most Recent