ဇန်နဝါရီလကုန်ပိုင်းတွင် အဓမ္မစစ်သား စုဆောင်းခံရသည့် လီဆူတိုင်းရင်းသား၂၈ ဦး ပြန်မလွတ်သေး

ဇန်နဝါရီလကုန်ပိုင်းတွင် အဓမ္မစစ်သား စုဆောင်းခံရသည့် လီဆူတိုင်းရင်းသား၂၈ ဦး ပြန်မလွတ်သေး
Published 20 February 2018

ဇန်နဝါရီလကုန်ပိုင်းခန့်က တပ်သားအဖြစ် အဓမ္မစုဆောင်းခံရသည့် လီဆူတိုင်းရင်း ၂၈ ဦး ပြန်မလွတ်သေးကြောင်း ကချင်ပြည်နယ် အခြေစိုက် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးဆီဖာလာလူးက ပြောကြားသည်။

ကချင်ပြည်နယ် ပူတာအို၊ မြစ်ကြီးနား၊ ဝိုင်းမော်မြို့မှ လီဆူတိုင်းရင်းသား လူငယ်များသည် ဇန်နဝါရီ ၂၇ ရက်နှင့် ၂၈ ရက်များတွင် ပူတာအိုလမ်းပိုင်းနှင့် မေခမြစ်ကြောင်း ရွှေမှော်များတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဆီဖာလာလူးက “အခုနောက်ဆုံး စာရင်းအရ ၂၈ ဦး၊ ပူတာအိုငါးဦး၊ မြစ်ကြီးနား က ၂၁ ဦး၊ ဝိုင်းမော်က နှစ်ဦးပေါ့။ အသက်အရွယ်အားဖြင့် ၂၁ ကျော်အရွယ်က အများဆုံး၊ အကြီးဆုံး ၃၁ နှစ်ကြားတွေ။ အများစု ဖမ်းသွားတာက ဆွမ်ပရာဘွမ်လမ်းပိုင်းက ဝါးပန်ကျေးရွာနားမှာဖမ်းတာ လူ ၁၉ ယောက်ပါတယ်။ ကျန်တာက မေခမြစ်ဘက်မှာ ရွှေကျင်သူတွေ ကိုဖမ်းသွားတာ။ စာကိုတော့ ကေအိုင်အို ဗဟိုဥက္ကဋ္ဌ၊ ကေအိုင်အေ စစ်ဦးစီးချုပ်၊ မြစ်ကြီးနားက နည်းပညာ အကြံပေးအဖွဲ့ရုံး၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ရယ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နိုင်ငံတော်သမ္မတရယ်၊ နိုင်ငံတော်အတိုင်ပင်ခံ စတဲ့သူတွေကို စာပေးပို့ အကြောင်းကြားထားတယ်။ ဖမ်းသွားတဲ့ ကလေးတွေက လုပ်အားရှိတဲ့ အရွယ်တွေဆိုတော့ မိဘတွေက ငိုငိုယိုယို ဖြစ်ကုန်တာ။ အခုတော့ သက်ဆိုင်ရာတွေ အားလုံးက ဘာမှအကြောင်း မပြန်သေးဘူး” ဟု ပြောကြားသည်။

ကေအိုင်အေ အဖွဲ့က လီဆူတိုင်းရင်းသားများကို ဖမ်းဆီးခေါ်ဆောင်မှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၂၈ ရက်တွင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်ရှိ တံတားနှစ်စင်းအား KIO/KIA အဖွဲ့က ဖျက်ဆီးခဲ့သဖြင့် ပူတာအိုခရိုင် တစ်ခုလုံး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ စားနပ်ရိက္ခာ ပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်း မြင့်တက်လာခြင်းနှင့် လူမှုဘ၀ အခက်အခဲများကို ရင်ဆိုင်နေကြရကြောင်း၊ ဆွမ်ပရာဘွမ်မြို့နယ် ကဝါးပန်ကျေးရွာအနီး လမ်းမကြီးပေါ်တွင် KIO/KIA လက်နက်ကိုင် အဖွဲ့က လီဆူတိုင်းရင်းသား ၁၉ ဦး အပါအဝင် အခြားဒေသခံ ပြည်သူများကို တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မေခမြစ်ကြောင်း သံဝိုင်ကျေးရွာမှ လီဆူတိုင်းရင်းသား နှစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း၊ ထိုကြောင့် မိသားစုဝင်များနှင့် ထပ်တူစိတ်ပူပန် ဝမ်းနည်းမှုများ ကြုံတွေ့ရကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် KIO/KIA ဗဟိုသို့ အလေးအနက် တောင်းဆိုကြောင်း၊ အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်သွားနိုင်ရေး သက်ဆိုင်ရာများသို့ တိုက်တွန်းတောင်းဆိုကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၅ ရက်က မြစ်ကြီးနား မြို့ပေါ်ရှိ ကချင်တိုင်းရင်းသား နှစ်ထောင်ခန့် က စစ်ပွဲအတွင်း ပိတ်မိနေသူများကို ကယ်တင်နိုင်ရေးအတွက် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

တပ်မတော်နှင့် ကေအိုင်အေ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့သည် တနိုင်းဒေသ ဆွမ်ပရာဘွမ်မြို့နယ် အတွင်းရှိ မေလိခ မြစ်ကြောင်းဒေသများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် တရားမဝင် ပယင်း၊ ရွှေ၊ သစ် စသည့်သယံဇာတများနှင့် ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေဆဲဖြစ်သည်။