ချင်းတွင်းမြစ် ရေကြောင်းပြောင်းမှုကြောင့် မော်လိုက်မြို့ဆိပ်ကမ်းတွင် ရေယာဉ်များ ဆိုက်ကပ်မရတော့ဘဲ ရေခန်းခြောက်မှုကြောင့် ဆိပ်ကမ်းနေပြည်သူများ အခက်တွေ့

ချင်းတွင်းမြစ် ရေကြောင်းပြောင်းမှုကြောင့် မော်လိုက်မြို့ဆိပ်ကမ်းတွင် ရေယာဉ်များ ဆိုက်ကပ်မရတော့ဘဲ ရေခန်းခြောက်မှုကြောင့် ဆိပ်ကမ်းနေပြည်သူများ အခက်တွေ့
Published 18 February 2018

ချင်းတွင်းမြစ်နံဘေး မော်လိုက်မြို့ဆိပ်ကမ်းကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်

ချင်းတွင်းမြစ်ရေကြောင်း ပြောင်းလာမှုကြောင့် မော်လိုက်မြို့ ဆိပ်ကမ်းတွင် ရေယာဉ်များ ဆိုက်ကပ်မှုမရှိတော့ဘဲ  မြစ်ကမ်းနံဘေးနေပြည်သူများ ရေသုံးစွဲရန်အတွက်လည်း အခက်အခဲတွေ့မည်ကို ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

“မော်လိုက်မြို့ဆိပ်ကမ်းကို ရေယာဉ်များ ဆိုက်ကပ်မရတော့ဘူး။ တံတားလေးနဲ့ သောင်ပြင်ကို သွားရတာ။ သောင်ပြင်ရေစီးတဲ့ဘက် အောက်ဘက်ကို ကပ်ရတာ။ ရှော်တယ်တွေ မရတော့ဘူး။ လိုင်းတို စက်လှေလေးတွေပဲ ကပ်လို့ မရတော့ဘူး။ ရေမြစ်ဖြိုးကတော့ တူးမြောင်းတူးနေတာပဲ ရေက မစီးသေးဘူး။ ရေကဝင်တော့ဝင်တယ် သေးသေးလေးပဲဝင်တယ်။ သောင်ကို ကန့်လန့်ဖြတ်ပြီး တူးနေတာ။ မြို့ရေသုံးစွဲဖို့က မစီးတဲ့ရေကိုပဲ သုံးနေရတာပေါ့၊ ရေက စီးတယ်ဆိုရုံ စီးတာပေါ့ဗျာ။ ဒါ့ကြောင့် ရှော်တယ်တွေ၊ အိမ်သာတွေပါတဲ့ မော်တော်တွေ အဝင်မခံတော့တာ။ ရေမစီးတော့ ညအိပ်ရပ်နားခိုင်းရင်ရေက မသန့်ဖြစ်တော့မှာလေ။ ရှော်တယ်တွေ ဆိပ်ကမ်းကပ်မရတာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး မကပ်ခိုင်းတော့တာ။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် တုန်းကလည်း ဒီလိုတစ်ခါဖြစ်တယ်။ မြို့ရဲ့ မျက်နှာစာမှာရှိတဲ့ သောင်ပြင်ရောက်အောင် တံတားပေါ်ကနေ လမ်းလျှောက်ရတာပေါ့။ အောက်ဘက်က ရေယဉ်တွေ ကပ်တဲ့ဆီကို သွားရတာပေါ့။ ပစ္စည်းတွေ ဘာတွေပါတဲ့သူတွေ ဆိုရင်တော့ တချို့ကတော့ ဟွန်ဒါလေးတွေ ( ရှော်လဗန်) နဲ့ တစ်ယောက် ၃၀၀ ကျပ်ဆိုပြီး စီးကြပါတယ်။ ရေမြစ်ဖြိုးကတော့ သောင်ပြင်ကို ကန့်လန့်ဖြတ် ရေလမ်းပေါက်အောင်လုပ်နေပေမယ့် မပေါက်သေးဘူး” ဟု မော်လိုက်မြို့ ဆိပ်ကမ်းအခြေအနေနှင့် ပတ်သက်၍ မော်လိုက်မြို့မှ ကိုတင်ထွန်းလှိုင်က ပြောကြားသည်။

မော်လိုက်မြို့သည် ချင်းတွင်းမြစ်ကမ်းဘေးတွင် တည်ရှိပြီး ဒေသခံများ သွားလာရေးအတွက် မြစ်ကြောင်းကိုလည်း အားကိုးနေရဆဲ ဖြစ်သည်ဟု သိရသည်။

“မော်လိုက်မြို့ပေါ်က အမြန်ယဉ်စီးဖို့ဆိုရင် ခက်ခဲတာပေါ့။ မနက် အမြန်ယဉ်နဲ့ လိုက်မယ်ဆိုရင် ဟွန်ဒါလေးတွေ ပြောထားပြီး လိုက်ရတာပေါ့။ မြို့ပေါ်အတွက် ဧည့်သည်ဆိုတာကလည်း အမြန်ယဉ်ကလည်း ဧည့်သည်သိပ်မပါတော့ တည်းခိုခန်းသမားတွေအတွက်တော့ သိပ်မထူးပါဘူး။ ဧည့်သည်တော့ ပါးသွားတာပေါ့။ အမြန်ယာဉ်ကနေ လာမယ်ဆိုရင်လည်း မြို့ပေါ်ဆိုတော့ ဝေးတာပေါ့။ အခု တံတားလေးက မော်လိုက်မြို့ ကျောင်းတောင်ရပ် သင်္ဘောဆိပ်မှာ ထိုးထားတာပါ” ဟု မော်လိုက်မြို့ ဒေသခံကဆိုသည်။

ချင်းတွင်းမြစ်ဘေးရှိ မော်လိုက်မြို့သည့် ကမ်းနားလမ်းရှိ ဒေသခံများအနေနှင့် မြစ်ရေကို အားကိုးသုံးစွဲနေရပြီး ယခုအချိန်မှစ၍ ရေခန်းခြောက်လာမှုကြောင့် လာမည့်နွေရာသီရောက်ချိန်တွင် ရေသုံးစွဲရမှု ပိုမိုခက်ခဲလာမည်ကို စိုးရိမ်လျက်ရှိသည်ဟု သိရသည်။

“မော်လိုက်မြို့ပေါ်မှာကလည်း ရေသုံးစွဲဖို့ တော်တော်ခက်သွားပြီ။ မော်လိုက်မြို့ အတွင်းပိုင်းဘက်ကတော့ တွင်းရေရတယ်လေ။ ကျောင်းတောင်ရပ်၊ ကျောင်းမြောက်ရပ်၊ ကမ်းနားလမ်းဘက်က မြစ်ရေကိုပဲ သုံးရတာ။ ကမ်းနားလမ်းစွယ်တော်၊ ကျောင်းတောင်၊ ကျောင်းမြောက်၊ တံတားဦးတို့က မြစ်ရေကို အဓိက အားထားသုံးရတာပေါ့။ တွင်းရေက ရတဲ့အခါမှရတာ။ မော်လိုက်အတွင်းပိုင်းက ဒုက္ခမရောက်ပေမယ့် ကျန်တဲ့ ရပ်ကွက်လေးခုလောက်က ဒုက္ခရောက်နေပြီ။ နွေရာသီခန်းဦးမှာနဲ့ ဆိုရင်ပိုဆိုးသွားလိမ့်မယ်” ဟု မော်လိုက်မြို့ ကျောင်းတောင်ရပ်ကွက်နေ ဒေသခံတစ်ဦးက ဆိုသည်။