မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများကို မောင်တောနှင့်ကော့ဘဇားမြို့တွင် ဖွင့်လှစ်ရန်အပါအဝင် အကြောင်းအရာ ခြောက်ချက် အမြန်ဆုံးပူးပေါင်းဆောင်ရွက်ရန် သဘောတူညီ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများကို မောင်တောနှင့်ကော့ဘဇားမြို့တွင် ဖွင့်လှစ်ရန်အပါအဝင် အကြောင်းအရာ ခြောက်ချက် အမြန်ဆုံးပူးပေါင်းဆောင်ရွက်ရန် သဘောတူညီ
Published 18 February 2018

ဖေဖော်ဝါရီ ၁၆ ရက်က ဒါကာမြို့တွင် ပြုလုပ်သည့် အစည်းအဝေးမတိုင်မီ ဓာတ်ပုံရိုက်ကူးရာ၌ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ (လယ်) နှင့် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး (ဝဲ-တ) တို့ကို တွေ့ရစဉ် (Photo - AFP)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများကို မောင်တောနှင့် ကော့ဘဇားမြို့တို့တွင် ဖွင့်လှစ်ရန်အပါအဝင် အကြောင်းအရာခြောက်ချက်အား အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ဒါကာမြို့၌ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးတွင် ယင်းကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးလွင်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်အောင်ဝင်းဦးနှင့် အဆင့်မြင့် အရာရှိကြီးများနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး H.E.Mr.Asaduzzaman Khan MP ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးဌာနကြီး အတွင်းဝန် Mr.Mostafa Kamal Uddin ၊ ပြည်ထဲရေးဝန်ကြီးဌာန လုံခြုံရေးဌာနကြီး အတွင်းဝန် Mr.Farid UDDIN Ahmed Chowdhury ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ရေတပ်ဗိုလ်ချုပ် (အငြိမ်းစား)  Md.Khurshed Ala,BN နှင့် အခြားအဆင့်မြင့်အရာရှိကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးပွဲတွင် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည့် အချက်ခြောက်ချက်မှာ (က) လုံခြုံရေးကဏ္ဍ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအရ သက်ဆိုင်ရာလုပ်ပိုင်ခွင့် အာဏာအပ်နှင်းထားသော အာဏာပိုင်များအကြား စနစ်တကျစီစဉ်ထားသော ပုံမှန်ပြုလုပ်နေကျ ဆွေးနွေးပွဲများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ (ခ) တစ်နှစ်လျှင်တစ်ကြိမ် ဒုတိယဝန်ကြီးအဆင့်၊ အတွင်းဝန်အဆင့် အစည်းအဝေးများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်နှင့် လိုအပ်ပါက ဝန်ကြီးအဆင့် အစည်းအဝေးများပြုလုပ်ရန်၊  (ဂ) အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံနယ်ခြား စောင့်ရဲတပ်ဖွဲ့တို့အကြား အမျိုးမျိုးသော အဆင့်ကဏ္ဍအလိုက် ဆွေးနွေးပွဲကျင်းပ ပြုလုပ်မှုအား ဆက်လက်ပြုလုပ်ရန်၊ (ဃ) အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ရေး၊ ဆက်သွယ်ဆက်ဆံရေးနှင့် သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ရေးတို့အတွက် အောက်ခြေအဆင့်၊ အလယ်အလတ်အဆင့်၊ ဗဟိုအဆင့်။ အကြီးအကဲအဆင့်တို့၌ ဆက်သွယ်ဆက်ဆံရေးအရာရှိများ သတ်မှတ်ထားရန်၊ (င) အပြန်အလှန်ယုံကြည်မှု တည်ဆောက်မှုအဖြစ် ယဉ်ကျေးမှုအဖွဲ့၊ အားကစားအဖွဲ့၊ စာတမ်းဖတ်ပွဲများ၊ သင်တန်းအစီအစဉ်များ၊ လေ့လာရေးခရီးစဉ်များ အပြန်အလှန်စေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ (စ) နှစ်နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နယ်စပ်ဆက်ဆံရေးရုံးများကို မြန်မာနိုင်ငံဘက်မှ မောင်တောနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကော့ဘဇားတို့တွင် ဖွင့်လှစ်ခြင်းကို အမြန်ဆောင်ရွက်သွားရန်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင်  နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တိုးမြှင့်ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင် ရောင်းဝယ်မှုတိုက်ဖျက်ရေး၊ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံဘက်သို့ ရောက်ရှိနေသော မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာထွက်ပြေးသူများအား ပြန်လည်ခေါ်ယူရေး၊ နှစ်နိုင်ငံနယ်စပ် ဒေသတစ်လျှောက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အကြမ်းဖက်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်း၊ နှစ်နိုင်ငံ မြစ်ကြောင်းနယ်နိမိတ်တွင် ဖြစ်ပေါ်လျက်ရှိသောမှုခင်းများ တိုက်ဖျက်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကာ  မြန်မာနိုင်ငံ ဘက်မှနေရပ် စွန့်ခွာထွက်ပြေးသူများအား နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံနိုင်ရေးအတွက် ကြိုတင်စိစစ်မှုများ ဆောင်ရွက်နိုင်ရန် ဘင်္ဂလားဒေ့ရှ်ပြည်သူ့ သမ္မတနိုင်ငံမှ ပထမအသုတ်လွှဲပြောင်းပေးမည့် အိမ်ထောင်စု ၁၆၃၇ စုမှ လူဦးရေ ၈၀၃၂ ဦး၏ အမည်စာရင်းများနှင့် ကိုယ်ရေးအချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent