ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင် ၄၀ ခန့်ကို နိုင်ငံတကာအဆင့်မီ စတင် ဆောင်ရွက်မည်ဖြစ်ပြီး တစ်နှစ်လျှင် အနည်းဆုံး မိုင် ၂၀ ခန့် ကတ္တရာခင်းသွားရန် စီစဉ်ထား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင် ၄၀ ခန့်ကို နိုင်ငံတကာအဆင့်မီ စတင် ဆောင်ရွက်မည်ဖြစ်ပြီး တစ်နှစ်လျှင် အနည်းဆုံး မိုင် ၂၀ ခန့် ကတ္တရာခင်းသွားရန် စီစဉ်ထား
Published 15 February 2018

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ မိုင် ၄၀ ခန့်အား နိုင်ငံတကာအဆင့်မီအဖြစ် စတင်ဆောင်ရွက်မည်ဖြစ်ပြီး တစ်နှစ်လျှင် အနည်းဆုံး မိုင် ၂၀ ခန့် ကတ္တရာခင်းသွားရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်သူ့ လွှတ်တော်တွင် ဖေဖော်ဝါရီ ၁၄ ရက်က ပြောကြားသည်။

မောက်မယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း က မေးမြန်းသည့် ယာဉ်မတော်တဆ ဖြစ်စဉ်များ လျော့နည်းပပျောက်စေရန် ရန်ကုန် - နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးအား ခေတ်မီ လေးလမ်းသွားအဆင့် တိုးမြှင့်ဆောင် ရွက်ပေးခြင်းနှင့် အဆင့်မီလုံခြုံရေး အထောက်အကူပြုပစ္စည်းများ တပ်ဆင်ထိန်းကျောင်းပေးခြင်း၊ မော်တော်ယာဉ်နှင့် ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အထူးစီမံချက် ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အမြန်လမ်းမကြီး တစ်ခုလုံးကို နိုင်ငံတကာအဆင့်မီ အမြန်လမ်းအဆင့် ရောက်ရှိအောင် ဆောင်ရွက်လျက်ရှိတဲ့ နေရာမှာ ADB ရဲ့ အကူအညီနဲ့ ပထမဆုံး (ဝ) မိုင်ကနေ (၄၀) မိုင်ခန့်ကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဆင့်မြှင့်တင် ဆောင်ရွက်သွားဖို့အတွက် ADB မှ ချေးငွေကို Cabinet ကနေ ခွင့်ပြုပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့တင်ပြီး မိုင် ၄၀ ခန့် ကို နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကွန်ကရစ်လမ်းမှာ ကားတာယာထိတွေ့မှုနဲ့ စာရင် ကတ္တရာလမ်းမှာ ကားတာယာထိတွေ့မှုက အများကြီး သက်သာပါတယ်။ အပူထွက်နှုန်းလည်း လျော့တဲ့အတွက် ယာဉ်အန္တရာယ် ဖြစ်နှုန်းလည်း လျော့ပါတယ်။ ဒါကြောင့်မို့ တစ်နှစ်ကို အနည်းဆုံး မိုင် ၂၀ လောက် ကတ္တရာခင်းသွားဖို့အတွက် အစီအစဉ်ရှိထားပါတယ်။ ဒါကလည်း ဒီအတိုင်း သွားမယ်ဆိုရင် မိုင် ၇၀၀ ကျော်ကြီးကို တစ်နှစ် မိုင် ၂၀ ဆိုရင် အကြာကြီးသွားမှာ ဖြစ်တဲ့အတွက် ADB အပြင် နိုင်ငံတကာ အကူအညီတွေလည်း တောင်းခံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

International Expressway အဆင့်တစ်ခု ဖြစ်ရန်အတွက် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီရန် Fully Access Control ဖြစ်ရမည်ဖြစ်ပြီး ဖြစ်ရန် Fully Access Control အတွက် Fast ဟုခေါ်သော မြန်မြန်မောင်းနိုင်ခြင်း၊ Comfortable ဟုခေါ်သော ယာဉ်မောင်းနှင့် ခရီးသည် သက်သောင့်သက်သာ ဖြစ်ခြင်းနှင့် Safety ဟုခေါ်သော လုံခြုံစိတ်ချမှု အပြည့်ဖြစ်ရမည်ဖြစ်ကြောင်း ဦးကျော်လင်း က ပြောကြားသည်။

“ဒါကြောင့်မို့လို့ အမြန်လမ်းမကြီးဟာ International အဆင့်မီ အမြန်လမ်းဖြစ်ဖို့ လိုအပ်တဲ့ Fully Access Control ဖြစ်ဖို့ သတ်မှတ်ချက် အချက်သုံးချက်နဲ့ ကိုက်ညီမှု မရှိသေးပါဘူး။ မူလက Expressway အဖြစ် ဖောက်ဖို့ ရည်ရွယ်ထားတဲ့ အနေအထားမှာ အခု ပြီးစီးသလောက် ပြည်သူတွေကို အသုံးပြုခွင့် ပေးထားတာ ဖြစ်တဲ့အတွက် လက်ရှိ အမြန်လမ်းလို့ ခေါ်တဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးဟာ နိုင်ငံတကာအဆင့်မီ လမ်းအဆင့် မရောက်သေးပါဘူး”ဟု ဦးကျော်လင်းက ပြောကြားသည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးကို ၂၀၀၉ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း လမ်းအရှည် ၃၆၆ မိုင်ရှိကာ အသွားအပြန် မိုင်ပေါင်း ၇၃၂ မိုင်ရှိကြောင်း သိရသည်။

Most Read

Most Recent