အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးသော လယ်ဖရဲသီးများ အသီးအောင်မြင်ခြင်း မရှိသောကြောင့် ဖရဲစိုက် တောင်သူများ အခက်အခဲ ကြုံတွေ့နေရ

အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးသော လယ်ဖရဲသီးများ အသီးအောင်မြင်ခြင်း မရှိသောကြောင့် ဖရဲစိုက် တောင်သူများ အခက်အခဲ ကြုံတွေ့နေရ
Published 12 February 2018

အသီးတင်ခြင်းမရှိသော အုတ်တွင်းမြို့နယ် သာဂရကျေးရွာမှ ဖရဲစိုက်ခင်းများအား ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် စိုက်ပျိုးသော လယ်ဖရဲသီးများမှာ အသီးသီးချိန်တွင် ပုံမှန်အတိုင်း အသီးတင်ခြင်း၊ အသီးများ အောင်မြင်မှု မရှိခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။

အုတ်တွင်းမြို့နယ်တွင် ကိုင်းဖရဲနှင့် လယ်ဖရဲဟူ၍ တစ်ရာသီအတွင်း နှစ်ကြိမ်စိုက်ပျိုးကြပြီး ယခု ဆောင်းရာသီတွင် လယ်ဖရဲကို စိုက်ပျိုးကြကြောင်း၊ ဖရဲပင်မှာ စတင်စိုက်ပျိုးချိန်မှ ရက်ပေါင်း ၄၀ ဝန်းကျင်ခန့်၌ အသီးဖမ်း၍ရကြောင်း၊ လယ်ဖရဲစိုက်ပျိုးပြီး ဖရဲအသီးဖမ်းချိန် ရက်ပေါင်း ၄၀ ဝန်းကျင်ခန့် အကြာအထိ ဖရဲသီးများမှာ ပုံမှန်အတိုင်း အသီးအောင်မြင်ခြင်း မရှိဘဲ အသီးစောင်းခြင်း၊ အပွင့်များသာထွက်၍ အသီးမတင်ခြင်း၊ ပုံမှန်ရက်ထက် နောက်ကျ၍ အသီးစောင့်ဖမ်းနေရခြင်းစသော အခက်အခဲများ ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။

ဖရဲသီးများစိုက်ပျိုးပြီး သတ်မှတ်ကာလ အသီးတင်ရမည့် အချိန်တွင် အသီးမတင် သည့် အခြေအနေနှင့် ပတ်သက်ပြီး သာဂရကွင်းမှ ဖရဲစိုက်တောင်သူ ကိုနိုင်ဦးက “ရက် ၄၀ မှာ အသီးသီးရမှာကို အသီးတွေက မအောင်ဘဲနဲ့ ပန်းပွင့်တွေချည်း ထွက်လာတယ်။ ထိပ်မှာ ပန်းပွင့်တွေရှိတော့ အသီးတွေက အရွဲ့အစောင်းတွေ ဖြစ်ကုန်တာ။ အဲဒါပဲ အဓိကပြဿနာက။ သူတို့မျိုးစေ့တွေက မှိုများမသတ်တာလား အဲဒီတစ်ခုပေါ့။ ကျွန်တော်တို့ တောင်သူကတော့ သူတို့ဆီက မှိုသတ်ချိန်မရဘဲနဲ့ တောင်သူကပဲ အတင်းတောင်းလို့ ထိုးထည့်ပေးလိုက်တဲ့ မျိုးစေ့ပုံစံမျိုး ဖြစ်နေတယ်။ မျိုးက အဖိုပွင့်ချည်း အများကြီး ပွင့်နေတာကို။ ဒီအဖိုပွင့်ပွင့်သလောက် အသီးက မတင်ဘူး ဖြစ်နေတယ်။ ပန်းပွင့်ကြီးတာ ပြဿနာပဲ။ ပန်းပွင့်ကြီးရင် အသီးမအောင်ဘူး။ ခုနစ်ဆစ်မှာ တစ်သီးသီးရမယ်။ ၂၁ ဆစ်ဆိုရင် ကျွန်တော်တို့က ဒါ တတိယအသီး မိကို မိရမယ်၊ မမိတာတွေ” ဟု ပြောကြားသည်။

အုတ်တွင်းမြို့နယ် သာဂရကျေးရွာအုပ်စုနှင့် ခေါင်ရမ်းကျေးရွာအုပ်စုများတွင် စိုက်ပျိုးထားသော လယ်ဖရဲ စိုက်ဧက ၅၀၀ ဝန်းကျင်ခန့်ရှိပြီး စိုက်ပျိုးသော ဖရဲမျိုးမှာ known you seed တံဆိပ်ပါ၊ F1 Hybrid Water-melon (855) ဖရဲမျိုးများကို အဓိကစိုက်ပျိုးကြကြောင်း၊ ဖရဲစိုက်ဧကအများစုမှာ အသီးတင်ရမည့်အချိန်၌ အသီးမတင်သည့် ပြဿနာ ကြုံတွေ့ခဲ့ရသည့်အပြင် စတင်စိုက်ပျိုးစဉ် အချိန်ကာလတွင်လည်း အပင်ဖာထေးစိုက်ပျိုး လုပ်ကိုင်ရခြင်းများလည်းရှိကြောင်း ဖရဲစိုက်တောင်သူများက ပြောကြားသည်။

ယခုနှစ်တွင် ၈၅၅ ဖရဲကျားမျိုးများ စတင်စိုက်ပျိုးစဉ်ကတည်းက အခက်အခဲများ ကြုံတွေ့နေရသည့် အခြေအနေနှင့် ပတ်သက်ပြီး ဖရဲစိုက်တောင်သူ ကိုဇော်ရဲအောင်က “ကျွန်တော်တို့ စစိုက်ကတည်းက ကြားပျောက်သေတာကလည်း တော်တော်များတယ်။ အသေများတယ်ဆိုတော့ ဖာပင်တွေ တော်တော်များသွားတယ်။ အရင်နှစ်တွေကကျတော့ အပင် ၁၀၀၀ လောက်စိုက်လို့ရှိရင် ၉၅၀၊ ၉၈၀ လောက်က အရှင်များတယ်။ ဖာပင်နည်းတာပေါ့။ အပင်၂၀ လောက်က ပြန်ဖာရတယ်။ အရင်နှစ်တွေက ဒီနှစ်လုံးလုံးက ဥပမာ ၁၀၀ လောက် စိုက်လို့ရှိရင် ၇၀ လောက်က ပြန်ဖာနေရတယ်။ အဲဒီကတည်းက စပြီးခက်ခဲနေတာ အသီးကတော့ ဒီနှစ်ဆို ရင် ၄၂ ရက်သားရှိသွားပြီ။ ၄၂ ရက်သားကို အရင်နှစ်တွေကဆို အောင်မြင်နေပြီ။ ဒီအ ချိန်ဆိုရင် စုံသလောက်ဖြစ်သွားပြီ။ အခုဟာ က စဖမ်းရတာဖြစ်နေတယ်။ အသီးကျနှုန်း ကလည်းမကောင်းဘူး။ ကျလာတော့လည်းအစောင်းတွေချည်းဖြစ်နေတယ်။ လူတိုင်းလို လိုပဲ ဒီနှစ်ကတော့ အကုန်လုံးပဲ။ ဒီတစ်ကွင်း တည်း မဟုတ်ဘူး။ ဟိုရွာဘက်က ကွင်းတွေ လည်း အဲဒီအတိုင်းပဲဖြစ်နေတယ်” ဟု ပြောကြားသည်။

ဖရဲတစ်ဧက စိုက်ပျိုးလျှင် မျိုးစေ့ ၅၀၀ ခန့်ပါ မျိုးထုပ်ငါးထုပ် စိုက်ပျိုးရပြီး၊ တစ်ဧကစာအတွက် ဖရဲသီး အပင်ပေါင်း ၁၀၀၀ မှ ၁၅၀၀ အထိ အောင်မြင်အောင် ပြုစုပျိုးထောင်ရကြောင်း၊ ဖရဲမျိုးစေ့ဖိုး အပါအဝင် မြေငှားရမ်းခ၊ မြေပြုပြင်ခ၊ အလုပ်သမားခ၊ ဓာတ်မြေသြဇာ၊ အပင်အားဆေး၊ ဖရဲစိုက်ခင်းအတွင်း ရေသွင်းရေထုတ် လုပ်ငန်းနှင့် အခြားအထွေထွေ ကုန်ကျစရိတ်များ အပါအဝင် ဖရဲတစ်ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ် ၁၀ သိန်းနှင့်အထက် ကုန်ကျကြောင်း၊ အုတ်တွင်းဒေသမှ ထွက်ရှိသော ဖရဲသီးများအား ၁၂ ဘီး၊ ၁၈ ဘီး၊ ၂၂ ဘီးယာဉ်များဖြင့် တရုတ်နယ်စပ် မူဆယ်ရှိ ဖရဲပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး၊ လတ်တလောတွင် မူဆယ်ဖရဲဈေးကွက်တွင် ဖရဲဈေး ကောင်းမွန်ခြင်း မရှိသေးကြောင်း ဖရဲစိုက် တောင်သူများထံမှ သိရသည်။