ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်များ နုတ်ထွက်ပေးရေး အပါအဝင် အချက်လေးချက်အား တောင်းဆိုသည့် ဆန္ဒထုတ်ဖော်မှု ပခုက္ကူတက္ကသိုလ် ကျောင်းသား ၆၀ ကျော် ပြုလုပ်

ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်များ နုတ်ထွက်ပေးရေး အပါအဝင် အချက်လေးချက်အား တောင်းဆိုသည့် ဆန္ဒထုတ်ဖော်မှု ပခုက္ကူတက္ကသိုလ် ကျောင်းသား ၆၀ ကျော် ပြုလုပ်
Published 10 February 2018

ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အမှုဆောင်များ နှုတ်ထွက်ပေးရေး အပါအဝင် အချက်လေးချက်အား ဆန္ဒထုတ်ဖော်နေသည့် ကျောင်းသားများကို မြင်တွေ့ရစဉ်

ပခုက္ကူတက္ကသိုလ်မှ ကျောင်းသား ၆၀ ကျော်က ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်များ နုတ်ထွက်ပေးရေး အပါအဝင် အချက်လေးချက်အား တောင်းဆိုသည့် ဆန္ဒထုတ်ဖော်မှုကို ပခုက္ကူတက္ကသိုလ် ရှေ့တွင် ဇန်နဝါရီ ၉ ရက် နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်မှ ကျောင်းသား ၆၀ ကျော်တို့သည် ပခုက္ကူတက္ကသိုလ်ရှေ့တွင် နံနက် ၉ နာရီမှ စတင်စုဝေးခဲ့ပြီး “ကျောင်းမှ ထုတ်ယူထားသည့် ငွေကြေးရှင်းတမ်းများ အမြန်ဆုံး ထုတ်ဝေရေး ဒို့အရေး”၊ “ပခုက္ကူ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်များ နုတ်ထွက်ပေးရေး ဒို့အရေး”၊ “အဖွဲ့အစည်း အသုံးချငွေကြေး အလွဲသုံးစားလုပ်သူများ အလိုမရှိ”၊ “ကျောင်းသားများအားလုံး ကိုယ်စားမပြုသော ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များ အလိုမရှိ” စသည့် စာသားများ ပါရှိသည့် ဗီနိုင်းပိုစတာများအား ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သည့် ကျောင်းသား ၆၀ ကျော်ထဲမှ အချို့ကျောင်းသားများက လက်ရှိ ကျောင်းသားသမဂ္ဂ အမှုဆောင်များသည် ကျောင်းသားများနှင့် သက်ဆိုင်သည့် ငွေများအား အလွဲသုံးစားမှုများရှိကြောင်း၊ ဆရာ/ဆရာမများအား ရိုင်းပြစွာ ဆက်ဆံကြောင်း၊ အချို့မှာ အင်တာနက် စာမျက်နှာပေါ်မှ ခြိမ်းခြောက်မှုများ ပြုလုပ်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့အား ပြန်လည်ရွေးချယ်ပေးရန် ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူများထံ စာပေးပို့ တောင်းဆိုခဲ့ကြောင်း သိရသည်။

“လက်ရှိ ကျောင်းသားသမဂ္ဂဟာ ကျောင်းသားအားလုံးကို ကိုယ်စားမပြုပါဘူး။ ကျောင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ကျောင်းသားသမဂ္ဂ ပေါ်ထွက်လာရေးအတွက် တောင်းဆိုရတာ ဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂ အမှုဆောင်ဟာ အဖွဲ့အစည်းနာမည် အသုံးချပြီး ငွေကြေးအလွဲသုံးစား လုပ်နေတာတွေ မြင်တွေ့နေရပါတယ်။ အမှုဆောင် နာမည်ကို အသုံးချပြီး သူတို့စရိတ်အတွက်ဆိုပြီး သုံးသိန်းတောင်းတာ ကြားနေရတယ်။ နောက်ပြီး waercooler လုပ်ဖို့ဆိုပြီး တောင်းထားတာတွေကို ငွေကြေးရှင်းတမ်း လုံးဝမရှင်းလင်း တာတွေရှိတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ပခုက္ကူတက္ကသိုလ် ရုက္ခဗေဒ အထူးပြုကျောင်းသား ကိုဇော်ဟိန်းက ပြောကြားသည်။

ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့အား ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည့် ကျောင်းသားများက ၎င်းတို့တောင်းဆိုထားသည့် အချက်များ မရမချင်း ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ခံရသည့် ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ယာယီဥက္ကဋ္ဌ ကိုအောင်ခိုင်မင်းက “သူတို့ဆန္ဒပြတဲ့ အထဲက အဖွဲ့အစည်းအသုံးချ ငွေကြေးအလွဲသုံးစား လုပ်သူများ ဆိုတာနဲ့ ပတ်သက်ပြီးဘာကို အလွဲသုံးစား လုပ်တာတုန်း သက်သေပြစရာ ရှိလား။ သူတို့က ကျွန်တော်တို့ကို တစ်စုံတစ်ရာ မေးမြန်းတာ ရှိသလားလို့ မေးခွန်းထုတ်ချင်ပါတယ်။ ကျောင်းမှာထုတ်ထားတဲ့ ငွေကြေးရှင်းတမ်းများ ထုတ်ပြန်ပေးရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် တာဝန်ယူတယ်။ အမှုဆောင် သက်တမ်းက လာမယ့်၂၃ ရက်မှာ တစ်နှစ်ပြည့်မယ်။ ဘတ်ဂျက် တစ်နှစ်ပြည့်ပြီး ၂၃ ရက်နောက်မှာ ဘတ်ဂျက်ရှင်းတမ်း ထုတ်ပေးမယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲမှာ ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်ရဲ့ ကျောင်းသား ကျောင်းသူ ၄၉ ရာခိုင်နှုန်း မဲလာပေးမယ်။ ကျွန်တော်တို့က ၄၉ ရာခိုင်နှုန်းကို ကိုယ်စားပြုထားတယ်။ ကျွန်တော်တို့က ကျောင်းသားအားလုံးကို ကိုယ်စားပြုတယ်လို့ပဲ မှတ်ယူတယ်။ အမှုဆောင်တွေ နုတ်ထွက်ပေးရေးနဲ့ ပတ်သက်လို့ သမဂ္ဂဖွဲ့စည်းပုံအရ အမှုဆောင်တွေကို ဖြုတ်ချင်တယ်ဆိုရင် သမဂ္ဂအဖွဲ့ဝင်တွေက အဆိုတင်သွင်းမှရမယ်။ အများစုက သဘောတူမှ နုတ်ထွက်ပေးရပါမယ်” ဟု ပြောကြားသည်။

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ နောက်ပိုင်းတွင် တက္ကသိုလ် အသီးသီး၌ ကျောင်းသားသမဂ္ဂများ ပေါ်ထွန်းလာခဲ့ပြီး သမဂ္ဂများမှ ပညာရေးစနစ် ပြောင်းလဲရေးနှင့် ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရေးအတွက် အစိုးရအား ဆန္ဒထုတ်ဖော်မှုများ ရှိသော်လည်း ကျောင်းသားချင်း ပြန်လည် ဆန္ဒထုတ်ဖော်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ပခုက္ကူတက္ကသိုလ်တွင် ဇန်နဝါရီ ၇ရက် မှ ပြုလုပ်ခဲ့သည့် နိုင်ငံအဝှမ်း ကျောင်းသားသမဂ္ဂများ တွေ့ဆုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ညှိနှိုင်းရေး ကော်မတီ၏ ကြိုးပမ်းမှုကြောင့် ကျောင်းထုတ်ခံထားရသည့် ဆန္ဒပြကျောင်းသား ၅၆ ဦး ကျောင်းပြန်လည် တက်ရောက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။