ရဲတပ်သား ကိုင်ဆောင်သောသေနတ် ကျည်ဆန်ပေါက်ထွက်ရာမှ ရဲစခန်း အချုပ်သား တစ်ဦးအား ကျည်ဆန်နှစ်ချက်ထိမှန်မှု ညောင်လေးပင် မြို့မရဲစခန်း၌ ဖြစ်ပွား

ရဲတပ်သား ကိုင်ဆောင်သောသေနတ် ကျည်ဆန်ပေါက်ထွက်ရာမှ ရဲစခန်း အချုပ်သား တစ်ဦးအား ကျည်ဆန်နှစ်ချက်ထိမှန်မှု ညောင်လေးပင် မြို့မရဲစခန်း၌ ဖြစ်ပွား
Published 10 February 2018

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် ဖေဖော်ဝါရီ  ၉ ရက် နံနက် အစောပိုင်းက ညောင်လေးပင် မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ကိုင်ဆောင်သောသေနတ်မှ ကျည်ဆန်မတော်တဆ ပေါက်ထွက်ရာမှ ရဲစခန်း အချုပ်အတွင်းရှိ အချုပ်သားအား သေနတ်ကျည်ဆန်နှစ်ချက် ထိမှန်မှု ဖြစ်ပွားခဲ့ကြောင်း ညောင်လေးပင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သေနတ်ကျည်ထွက်၍ အချုပ်သားအား သေနတ်ကျည်ဆန်နှစ်ချက် ထိမှန်မှု အခြေအနေနှင့် ပတ်သက်ပြီး ညောင်လေးပင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “သေနတ်နဲ့ ပစ်တာတော့ မဟုတ်ဘူးဗျ၊ မတော်တဆ ကျည်ထွက်သွားတာ၊ အခုလောလောဆယ်ကတော့ ဆေးရုံတင်ထားတယ်။ လူနာကတော့ အခြေအနေ ကောင်းပါတယ်။ လက်မောင်းပဲထိတာ၊ အမှုတော့ မဖွင့်ရသေးဘူးခင်ဗျ၊ ၉ နာရီ ၄၀ မိနစ်လောက် ကဖြစ်တာ၊ သေနတ်က အော်တိုတွေဆိုတော့ မတော်တဆ ထွက်သွားတာ၊ ကျည်ကသုံးချက် ပေါက်ထွက်သွားတာ နှစ်ချက်ပဲ မှန်တာ” ဟု မွန်းလွဲ ၂ နာရီခန့်က ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၉ ရက် နံနက် ၈ နာရီမှ ၁၀ နာရီအထိ ညောင်လေးပင်မြို့မ ရဲစခန်း၏ ရဲစခန်းရှေ့ ကင်းတာဝန်အား တာဝန်ထမ်းဆောင်နေသော ရဲတပ်သား နိုင်ထူးအောင်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခွင့်ပြုချက်မရရှိဘဲ တာဝန်ကျနေရာအား စွန့်ခွာ၍ ၎င်းအားထုတ်ပေးထားသည့် (MA-13) သနတ်အမှတ် (Q-44261)) ၉ မမကျည် (၁၀) တောင့်နှင့်အတူ မြို့မရဲစခန်း၏ ကျားအချုပ်ခန်းရှိရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ပြီးနောက်၊ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်ခန့်၌ ကျားအချုပ်ခန်း အမှတ်(၂) ရှေ့သို့ အရောက်တွင် ၎င်းကိုင်ဆောင်ထားသော (MA-13) သေနတ်အား ဆော့ကစားခဲ့ရာမှ ကျည်ဆန်မတော်တဆ ပေါက်ထွက်မှု ဖြစ်ပွားခဲ့ပြီး အချုပ်ခန်း အမှတ် (၂) အတွင်း ချုပ်နှောင်ထားသည့် ပြွန်တန်ဆာ နယ်မြေရဲစခန်း (ပ) ၁၈၂/၂၀၁၇၊ ၁၈၃/၂၀၁၇၊ ၁၈၄/၂၀၁၇၊ ၁၈၅/၂၀၁၇၊ မြို့နယ် တရားသူကြီးရုံး၏ ရာဇသတ်ကြီး အမှုအမှတ် ၉၄၂/၂၀၁၇၊ ၉၄၄/၂၀၁၇၊ ၉၄၅/၂၀၁၇ နှင့် ၉၄၆/၂၀၁၇၊ ပြည်ပအလုပ်အကိုင် ၂၆ အမှုဖြင့် ရင်ဆိုင်နေရသော အချုပ်တရားခံ ဇေယျာဦး (၂၇ နှစ်) (ဘ) ဦးကျော်ဝင်းအောင်းကြီး ကျေးရွာ ပြွန်တန်ဆာမြို့နေသူအား ကျည်နှစ်ချက် ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

သေနတ်ကျည် မတော်တဆထွက်ရာမှ ဇေယျာဦး၏ ညာဘက်လက်မောင်းတွင် ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက်နှင့် ဝဲဘက်လက်မောင်းတွင်လည်း ကျည်ဖောက်ထွင်းပြီး ဝဲဘက်လက်ပြင် အောက်အထိ ကျည်ဆန်ဝင်ရောက် ဒဏ်ရာတစ်ချက် (စိုးရိမ်ရဒဏ်ရာ) တို့ ရရှိသွားခဲ့ကြောင်း၊ သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိသွားသူ ကိုဇေယျာဦးအား ရဲတပ်သား အစောင့်အရှောက်များဖြင့် လုံခြုံရေးထားရှိပြီး နံနက် ၁၁ နာရီခွဲခန့်၌ ညောင်လေးပင်ဆေးရုံမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ဆက်လက်လွှဲပြောင်းကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သေနတ်အား ပေါ့ဆစွာ ကိုင်တွယ်၍ ကျည်ထွက်ပေါက်စေခဲ့သူ ရဲတပ်သား နိုင်ထူးအောင်အား ညောင်လေးပင်မြို့နယ် ရဲတပ်ဖွဲ့မှူး၏ နှုတ်မိန့်အရ ညောင်လေးပင် မြို့မရဲစခန်း အချုပ်အမှတ် (၂) တွင် ချုပ်နှောင်ထားရှိပြီး အမှုဖွင့် အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent