သုံးစွဲမှု အနည်းအများပေါ် မူတည်ပြီး မီတာခကောက်ခံနိုင်ရန် မီတာတပ်ဆင်မှုကို အမျိုးအစားလေးခု ဆောင်ရွက်မည်ဖြစ်ပြီး မီတာခနှုန်းထားကိုလည်း ပြင်ဆင်မည်ဟုဆို

သုံးစွဲမှု အနည်းအများပေါ် မူတည်ပြီး မီတာခကောက်ခံနိုင်ရန် မီတာတပ်ဆင်မှုကို အမျိုးအစားလေးခု ဆောင်ရွက်မည်ဖြစ်ပြီး မီတာခနှုန်းထားကိုလည်း ပြင်ဆင်မည်ဟုဆို
Published 10 February 2018

ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပြုပြင်နေသူ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- ကျော်ဇင်ဖြိုး)

လျှပ်စစ်သုံးစွဲမှုနည်းသော ပြည်သူများ ပိုမိုအဆင်ပြေစေရန်နှင့် လျှပ်စစ်သုံးစွဲမှု အနည်းအများအပေါ် မူတည်ပြီး မီတာခ ကောက်ခံနိုင်ရန်အတွက် မီတာလေးမျိုး (Four Meter System) ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မီတာခကိုလည်း ပြင်ဆင်သတ်မှတ်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်မြို့ရှိ Lotte Hotel တွင် ပြုလုပ်သည့် Myanmar-Korea Investment Promotion Seminar အခမ်းအနားတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ပြောကြားသည်။

“မီတာလေးမျိုးရှိတယ်။ အဲဒီမီတာလေးမျိုးမှာ သာမာန်ပြည်သူတွေသုံးတဲ့ မီတာမျိုး နောက်ထက် ဒီထက်ပိုပြီး ယူနစ်များများသုံးချင်တဲ့ လူမျိုးအတွက် ပုံစံတစ်မျိုး သူ့ဂရိတ်တွေတော့ ရှိတာပေါ့။ အသေးစိတ်ကိုတော့ ကျွန်တော်အကုန်လုံး အလွတ်မရဘူး။ ဒီလိုလေးမျိုး ပြန်လည်တက်ဆင်ဖို့ရှိတယ်။ အဲဒီလိုမျိုး ပြန်လည်တပ်ဆင်တဲ့ အခါမှာလည်း ဘာလို့ မီတာခ အနည်းဆုံးနဲ့ တပ်ဆင်ဖို့ရှိတယ်ဆိုတာ ပြည်သူတွေ အနည်းဆုံး သုံးနိုင်တဲ့ ပြည်သူတွေရှိတယ်။ အဲဒီလိုမျိုး တပ်ဆင်တဲ့အခါမှာ အရင်တုန်းက မီတာတစ်မျိုးထဲ နှစ်မျိုးထဲပဲ ဖြစ်တဲ့အတွက်ကြောင့်မို့ မီတာတပ်ဆင်တဲ့အခါမှာ နည်းနည်းလေးသုံးတဲ့သူလည်း အများကြီး ပေးရတယ်။ အခုက နည်းနည်းသုံးတဲ့သူလည်း တပ်ဆင်ခနည်းနည်းပဲ ပေးရတဲ့စနစ်မျိုးကို ပြောင်းမယ်။ အဓိကတော့ အနည်းလေးသုံးတဲ့ ပြည်သူတွေကို သက်သာစေချင်လို့” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မီတာခ ပြန်လည်ပြင်ဆင်ရန်အတွက် လက်ရှိအတွင် မီတာခနှုန်းထားများကို ပြန်လည်သုံးသပ် တွက်ချက်မှုများ ဆောင်ရွက်နေပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ လွှတ်တော်တို့မှ အားလုံးသဘောတူညီမှု ရရှိမှုဖြင့်သာ ပြောင်းလဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“မီတာလေးမျိုးပုံစံနဲ့ ထုတ်ပြန်မယ်ဆိုတာဟုတ်တယ်။ မီတာခက ဘယ်လိုပြင်ဆင် သတ်မှတ်မလဲ ဆိုတာကတော့ ဒါက အခုမှ ဈေးနှုန်းကို ပြန်လည်သုံးသပ် နေတုန်းပဲ ရှိပါတယ်။ ဈေးနှုန်းပြန်လည် သုံးသပ်ရတဲ့ နေရာမှာလည်း ပြန်လည်တွက်ချက်ရတာ ရှိပါတယ်။ ပြီးရင်လည်း သက်ဆိုက်ရာ ဝန်ကြီးဌာနတွေ ပြည်နယ်နဲ့ တိုင်းအစိုးရတွေ လွှတ်တော်တို့ အဲ့ဒါတွေအကုန်လုံး သဘောတူပြီး အခြေနေရောက်တော့မှာမှ ပြုပြင်ပြောင်းလဲမှာ ဘယ်တော့ပြုပြင် ပြောင်းလဲမှာလည်း ဆိုတာက လောလောဆယ်မှာ ပြောလို့မရသေးဘူး” ဟု ဦးမင်းမင်းဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မီတာတပ်ဆင်မှုမှာ အိမ်သုံးမီတာနှင့် လုပ်ငန်းသုံး (ပါဝါ) မီတာ နှစ်မျိုးသာရှိသည်။ ထို့ကြောင့် မီတာသုံးစွဲသည့်ပြည်သူများ မီတာခ သက်သာစေရန် မီတာအသုံးပြုသည့် နှုန်းထားအပေါ် လိုက်ကာ အဆင့်လေးဆင့် သတ်မှတ်ပြီး မီတာတပ်ဆင်မှု ပုံစံလေးမျိုး ခွဲခြားသွားရန် ရည်ရွယ် ဆောင်ရွက်ခြင်းြ ဖစ်ကြောင်း သိရသည်။

“Four meter system လုပ်မယ်။ လူထုရွေးချယ်စရာရှိတယ်။ ရွေးချယ်ခွင့်ရှိတယ်။ ဈေးလည်းတော်တော် သက်သာသွားမယ်။ ဆိုလိုတာကတော့ နှစ်သောင်းခွဲ သုံးသောင်း ဝန်ကျင်လောက်ပေါ့။ လူထုအတွက် မီတာနဲ့ ပတ်သက်လို့ အတော်လေး အဆင်ပြေသွားမယ်” ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးသုံးစွဲသူ ၁၀ ဒသမ ၈၇၇ သန်းအနက် ၄ ဒသမ၂၈၉ သန်း (၃၉ ဒသမ ၄ ရာခိုင်နှုန်း) လျှပ်စစ်မီးရရှိပြီး ဖြစ်ကာ ၆ ဒသမ ၅၈၈ သန်း လျှပ်စစ်မီးရရှိရန် ကျန်ရှိနေသေးကြောင်း၊ မြို့နယ်အားဖြင့် ၄၈၂  မြို့အနက် ဓာတ်အားစနစ်ကို မြို့ပေါင်း ၃၅၀ မှ ရရှိပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှုန်းထားသည် ၁၅ ရာခိုင်နှုန်းရှိပြီး ယင်းတိုးတက်မှု နှုန်းများအရ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်$ ၄၅၃၁ မဂ္ဂါဝပ်အထိ သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။