ထားဝယ်-ထီးခီးလမ်းပိုင်းကို နှစ်လမ်းသွား ကတ္တရာလမ်းအဖြစ် ဖောက်လုပ်ရန် ထိုင်းနိုင်ငံမှ ချေးငွေရယူမည့် ကိစ္စအပေါ် အတည်ပြုရန်နှင့် အပြောင်းအလဲရှိမရှိ ထိုင်းဘက်မှ အကြောင်းပြန်ကြားလာခြင်း မရှိသေး

ထားဝယ်-ထီးခီးလမ်းပိုင်းကို နှစ်လမ်းသွား ကတ္တရာလမ်းအဖြစ် ဖောက်လုပ်ရန် ထိုင်းနိုင်ငံမှ ချေးငွေရယူမည့် ကိစ္စအပေါ် အတည်ပြုရန်နှင့် အပြောင်းအလဲရှိမရှိ ထိုင်းဘက်မှ အကြောင်းပြန်ကြားလာခြင်း မရှိသေး
Published 10 February 2018

ထားဝယ်-ထီးခီး နှစ်လမ်းသွားလမ်းမ ဖောက်လုပ်မည့်နေရာကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ ဖောက်လုပ်ထားသော မြေသားလမ်းပိုင်းကို နှစ်လမ်းသွား ကတ္တရာလမ်းအဖြစ် ဖောက်လုပ်ရန် ထိုင်းနိုင်ငံမှ ချေးငွေရယူမည့် ကိစ္စအပေါ်အတည်ပြုရန်နှင့် အပြောင်းအလဲရှိမရှိကို မြန်မာဘက်မှ ထိုင်းဘက်သို့ မေးမြန်းထားမှုမှာ ယခုအချိန်ထိ အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်းတွင် ပါဝင်သည့် မြေသားလမ်းအဖြစ် ပြီးစီးနေပြီဖြစ်သော အရှည်မိုင် ၁၀၀ ခန့်ရှိ ထားဝယ်-ထီးခီး (မြန်မာ-ထိုင်းနယ်စပ်) နှစ်လမ်းသွားလမ်းမကို အပြီးသတ် ဖောက်လုပ်ရန်အတွက် လိုအပ်သောချေးငွေဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၃၈ သန်းခန့်ကို ထိုင်းနိုင်ငံမှတစ်ဆင့် ချေးယူရန် ကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဘက်မှ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း၌ အကြောင်းပြန်ကြားရမည် ဖြစ်သော်လည်း ယခုအချိန်ထိ အကြောင်းပြန်ကြားလာမှု မရှိသေးကြောင်း၊ ထို့အပြင် ထားဝယ်စီမံကိန်းမှ ထီးခီးနယ်စပ်အထိ ဖောက်လုပ်မည့် လမ်းကြောင်းကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ လမ်းအူကြောင်း ပြန်လည်တိုင်းတာမှုများ ဆောင်ရွက်နေဆဲဖြစ်ပြီး မည်သည့်လမ်းပိုင်းကို ရွေးချယ်မည်ကို မဆုံးဖြတ်ရသေးကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံ ဒုဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးမြင့်ဆန်းက ပြောကြားသည်။

“ချေးငွေက လောလောဆယ်ယူဖို့ မဆုံးဖြတ်ရသေးဘူး။ မဆုံးဖြတ်ရသေးဘူးဆိုတာက လမ်းက ဒီဘက်မှာ လမ်းရွေးနေတုန်း ရှိသေးတယ်ပေါ့နော်။ လမ်းဒီဇိုင်းကို ဘယ်လမ်းကိုယူမယ် ဆိုတာက ဆောက်လုပ်ရေး ဝန်ကြီးဌာနက စဉ်းစားနေတုန်း ရှိသေးတယ်။ လမ်းအူကြောင်းကို ဆောက်လုပ်ရေးက ပြန်တိုင်းနေတာပေါ့။ ဘယ်လမ်းကို အဆင်ပြေမလဲဆိုပြီး ဆုံးဖြတ်ပြီးတော့မှ အပေါ်က လူကြီးတွေက ဘယ်လမ်းကိုယူမယ်ပေါ့နော်။ ဒီဇိုင်းဘာညာ သေချာအတည်ဖြစ်တော့မှ ကျွန်တော်တို့က ဒါကိုလုပ်မှာပေါ့။ ထိုင်းဘက်က Reply လည်း မလာသေးပါဘူး။ ဒီဘက်ကတော့ဟိုဘက် (ထိုင်းနိုင်ငံ) က ပြန်စာကို စောင့်နေတာ။ ပြန်စာက တစ်လလောက်နေရင် ပြန်မယ်ဆိုပြီးတော့ ခုထိမပြန်သေးတာပေါ့” ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံ ဒုဥက္ကဋ္ဌ (၂) ဦးမြင့်ဆန်းက ပြောကြားသည်။

ထားဝယ်အထူး စီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ် (ထီးခီး) အထိ ဖောက်လုပ်ထားသော မိုင် ၁၀၀ ခန့် အရှည်ရှိ ထားဝယ်-ထီးခီး မြေသားလမ်းကို ထိုင်းနိုင်ငံ၏ နံပါတ် ၄ အဆင့်ရှိ နှစ်လမ်းသွား ကတ္တရာလမ်းမအဖြစ် အဆင့်မြှင့်တင်ရန်ဖြစ်ပြီး ယင်းအတွက် ထိုင်းနိုင်ငံမှ ချေးငွေရယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၁၈ ခုနှစ်အတွင်း အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း၏ ကနဦးလုပ်ငန်း ကိုးခုအနက် ထားဝယ်-ထီးခီးလမ်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဆိပ်ကမ်းငယ်နှင့် အလတ်စား စက်မှုဇုန်တို့ကို ဦးစားပေး ဆောင်ရွက်ရန်ရှိပြီး ထားဝယ်-ထီးခီးလမ်းကို ပထမဦးစားပေးအဖြစ် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းအတွက် Master Plan ကို မေလတွင် ရေးဆွဲပြီးစီးမည်ဖြစ်သောကြောင့် ထိုအချိန်တွင် စီမံကိန်း၌ မည်သည့် Project များဆောင်ရွက်မည်နှင့် မည်သည့်နိုင်ငံကို တင်ဒါခေါ်ယူမည် ဆိုသည်ကို ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် အထက်အဖွဲ့အစည်းများ တိုင်ပင်ဆွေးနွေး၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

ထားဝယ်အထူး စီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ မြေသားလမ်းအဖြစ် ဖောက်လုပ်ထားသော ထားဝယ်-ထီးခီး နှစ်လမ်းသွား ကတ္တရာလမ်းမ Project မှာ ကနဦးအဆင့် စီမံကိန်းအတွင်း ပါဝင်ပြီး ၎င်းတို့စတင် တာဝန်ယူသည့် အချိန်မှစ၍ အရေးအကြီးဆုံး ဦးစားပေး လုပ်ငန်းတွင် ပါဝင်ကြောင်း၊ ၎င်းလမ်းပိုင်းကို ITD ကုမ္ပဏီမှ တာဝန်ယူ ဖောက်လုပ်ရန် ဖြစ်သော်လည်း ကုမ္ပဏီဘက်မှ ဘဏ္ဍာငွေ မလုံလောက်မှုကြောင့် ဖောက်လုပ်ရန် အခက်အခဲရှိသဖြင့် ထိုင်းအစိုးရဘက်မှ ချေးငွေထုတ်ပေးမည်ဖြစ်ပြီး မြန်မာအစိုးရဘက်မှ ယင်းချေးငွေဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ချေးငွေအတွက် အတိုးနှုန်းမှာ နိုင်ငံတကာမှ သတ်မှတ်ထားသည့်နှုန်းထား ဖြစ်သောကြောင့် လက်ခံနိုင်သည့် အနေအထား ရှိသော်လည်း ၎င်းချေးငွေဖြင့် ဆောင်ရွက်ပါက သတ်မှတ်ချက်အရ ထိုင်းကုမ္ပဏီများသာ ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းချေးငွေ ချေးယူရန် မူအားဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ချေးယူ မယူ ဆိုသည်မှာ မပြီးပြတ်သေးသည့် အနေအထားရှိကြောင်း သိရသည်။

လက်ရှိ ဖောက်လုပ်ထားသည့် ထားဝယ်-ထီးခီး မြေသားလမ်းကို ကွင်းဆင်းစစ်ဆေးရာ၌ အချို့နေရာများမှာ လွန်စွာမတ်စောက်နေသည့်အတွက် လမ်းဒီဇိုင်းအနေအထား ကွင်းဆင်းရန် မြန်မာနှင့် ထိုင်းအင်ဂျင်နီယာများ ပါဝင်သော အဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း၊ ကွင်းဆင်းစစ်ဆေးချက်အရ လမ်း၏ ၈၅ ရာခိုင်နှုန်းကို အသုံးပြုမည်ဖြစ်ပြီး ၁၅ ရာခိုင်နှုန်းကို ပြန်လည်ပြင်ဆင်ရမည် ဖြစ်သောကြောင့် ယင်းအတွက် လမ်းပိုင်းအနေအထားကို တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများရှိပြီး ၎င်းကိစ္စမှာလည်း၂၀၁၈ ခုနှစ်အတွင်း အဆင်ပြေသွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ ချေးငွေရယူမည့် ကိစ္စအပေါ် အတည်ပြုရန်နှင့် အပြောင်းအလဲ ရှိ၊ မရှိကို မြန်မာဘက်မှ ထိုင်းဘက်သို့မေးမြန်းထားမှု အဖြေရပါက လမ်းပိုင်းဖောက်လုပ်မှုအတွက် အစီရင်ခံစာ ရေးသား၍ တင်ပြသွားမည်ဖြစ်ပြီး အထက်လူကြီးများမှ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ITD ကုမ္ပဏီမှ ၂၀၀၈ ခုနှစ်ကစတင် အကောင်အထည်ဖော်ခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ရင်းနှီးမြှုပ်နှံမှု ပြသနာများကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် စီမံကိန်း ယာယီရပ်နားခဲ့ပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်း၌ မြန်မာနှင့် ထိုင်းအစိုးရ တာဝန်ရှိသူများမှ စီမံကိန်း၌ လုပ်ငန်းကိုးခုဖြစ်သည့် ထားဝယ်-ထီးခီး နှစ်လမ်းသွားလမ်းမ၊ ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းသုံးခု၊ Township တစ်ခု၊ ဆက်သွယ်ရေး၊ Small port နှင့် ၂၇ စတုရန်းကီလိုမီတာ အကျယ်ရှိသော အလတ်စားစက်မှုဇုန် တစ်ခုတို့ကို ကနဦးအနေဖြင့် အကောင်အထည်ဖော်ရန် MoA လက်မှတ်ရေးထိုးခဲ့ကြောင်း၊ လက်ရှိထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသစ် လက်ထက်၌ ကနဦးစီမံကိန်းနှင့် ပတ်သက်၍ ရှေ့ဆက် ဆောင်ရွက်နိုင်ရန် ထိုင်းနှင့် ဂျပန်နိုင်ငံများဖြင့် ပူးပေါင်းလုပ်ဆောင်နေသည့်အပြင် ၁၉၆ စတုရန်းကီလိုမီတာ အကျယ်ရှိ ပင်မစီမံကိန်း အတွက်လည်း ဆောင်ရွက်မှုများရှိကြောင်း၊ ကနဦး စက်မှုဇုန်စီမံကိန်း၌ အသုံးပြုမည့် လျှပ်စစ်အတွက် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်ရန် ထိုင်းကုမ္ပဏီဘက်မှ စီစဉ်ထားသည်ဟု ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။