ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၁ ခုနှစ်က ပေးအပ်ချီးမြှင့်ခဲ့သည့် Freedom of the City ဂုဏ်ပြုဆုကို ပြန်လည်ရုပ်သိမ်းရန် နယူးကာဆယ်မြို့ ကောင်စီအဖွဲ့ မဲခွဲဆုံးဖြတ်

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၁ ခုနှစ်က ပေးအပ်ချီးမြှင့်ခဲ့သည့် Freedom of the City ဂုဏ်ပြုဆုကို ပြန်လည်ရုပ်သိမ်းရန် နယူးကာဆယ်မြို့ ကောင်စီအဖွဲ့ မဲခွဲဆုံးဖြတ်
Published 9 February 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၁ ခုနှစ်က ပေးအပ်ချီးမြှင့်ထားခဲ့သည့် Freedom of the City ဂုဏ်ပြုဆုကို ပြန်လည်ရုပ်သိမ်းရန် နယူးကာဆယ်မြို့တော် ကောင်စီအဖွဲ့က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့အတွက် နှစ်ရှည်လများ ရပ်တည်အားပေး ထောက်ခံခဲ့မှုများအပေါ် အသိအမှတ်ပြုသည့် အနေဖြင့် နယူးကာဆယ်မြို့တော် ကောင်စီက Freedom of Newcastle ဂုဏ်ပြုဆုကို ၎င်းနေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက်တွင် ပေးအပ်ချီးမြှင့်ခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော်လည်း လက်ရှိအချိန်တွင် သူမအနေဖြင့် ဘဂါၤလီမွတ်ဆလင်များ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) ဖိနှိပ်ခံရမှုအပေါ် မသိကျိုးကျွန် ပြုလုပ်ခဲ့မှုများကြောင့် နယူးကာဆယ်မြို့ ကောင်စီအဖွဲ့က ပေးအပ်ခဲ့သည့်ဆုကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ချီးမြှင့် ထားခဲ့သည့် ဂုဏ်ပြုဆုကို ရုပ်သိမ်းရေးအတွက် အတည်ပြုနိုင်ရန် ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက ကောင်စီအဖွဲ့ အနေဖြင့် မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်း နယူးကာဆယ်ကောင်စီ အကြီးအကဲ နစ်ဖို့ဘ်စ်က ပြောကြားခဲ့သည်။

ထို့ပြင် နစ်ဖို့ဘ်စ်က မိမိတို့အနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်လုပ်ဆောင်ရခြင်းအပေါ် များစွာစိတ်မကောင်း ဖြစ်ရကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာ့ဒီမိုကရေစီရေးအတွက် များစွာကြိုးစား ရုန်းကန်ခဲ့ရမှုအပေါ် အသိအမှတ်ပြုသည့် အနေဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက် တစ်ခုအဖြစ် ၂၀၁၁ ခုနှစ်က သူမကို ယင်းကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ နယူးကာဆယ်မြို့ ကောင်စီအဖွဲ့မှ ဂုဏ်ပြုဆု ပြန်လည်ရုပ်သိမ်းခြင်း ဖြစ်ရပ်မှာ ၎င်းတို့သမိုင်း တစ်လျှောက်တွင် ပထမဆုံးလည်းဖြစ်သည်။

နယူးကာဆယ်မြို့ကောင်စီက ပေးအပ်သည့် Freedom of the City ဂုဏ်ပြုဆုကို နာမည်ကျော်ကြားသူများ ဖြစ်သည့် နယ်လ်ဆင်မင်ဒဲလား၊ ဘော့ဂဲဒေါ့ဖ်နှင့် အန်ဒရီဆာခါရော့ဗ်တို့လည်း ရရှိခဲ့ဖူးကြောင်း သိရသည်။

Ref: Chronicle, ITV