ရေဦးမြို့နယ် အင်းကြီးကျေးရွာ(အရှေ့ရွာ)တွင် ရေခန်းခြောက်မှု ယခင်နှစ်ထက်ပိုစောပြီး ရေရှားပါးမှုအခက်အခဲ စတင်ကြုံတွေ့

ရေဦးမြို့နယ် အင်းကြီးကျေးရွာ(အရှေ့ရွာ)တွင် ရေခန်းခြောက်မှု ယခင်နှစ်ထက်ပိုစောပြီး ရေရှားပါးမှုအခက်အခဲ စတင်ကြုံတွေ့
Published 9 February 2018

ရေဦးမြို့နယ် အင်းကြီးကျေးရွာ(အရှေ့ရွာ)တွင် ရေခန်းခြောက်မှု စတင်ကြုံတွေ့နေရစဉ်

ရေဦးမြို့နယ် အင်းကြီးကျေးရွာ အရှေ့ရွာတွင် ယခုနှစ်တွင် ရေခြောက်ခန်းမှု ပိုစောလာပြီး ရေအခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။

“ခါတိုင်းဆိုရင် မတ်လကုန်ပိုင်းလောက်မှ ရေကခန်းတာဗျ။ ဒီနှစ်ကျတော့ အခုကတည်းက ရေကခန်းနေပြီဗျ။ ကျွန်တော်တို့ရွာ ရေက အတော်ရှားတယ်။ စစ်ခပ်နေရတယ်လေ။ ကလေးတွေလည်းပဲ ရွာမှာဆိုရင် ဒီပြင်ဟာဆိုရင် ခပ်စရာမရှိဘူး။ ဒါလေးပဲ ကုပ်ကျစ်ပြီး ခပ်နေရတာ။ ကျွန်တော်တို့ရွာက အရှေ့ရွာ အနောက်ရွာဆိုပြီး နှစ်ရွာရှိတယ်လေ ။ အနောက်ရွာက လွန်ခဲ့တဲ့ ငါး နှစ်လောက်က စက်တွင်းရှိထားတော့ တော်သေးတယ်။ အရှေ့ရွာကျတော့ စက်တွင်းရယ်လို့မရှိတဲ့ အခါကျတော့ ဒီလိုပဲ နွေရာသီဆိုရင် အဝေးကြီး သွားခပ်ရတာ ကလေးတွေပဲလေ ။ နွားရေသောက် လူရေကအစ အင်မတန်မှ ရှားပါတယ်ဗျ ။ အခုဆိုရင် ကလေးတွေ ဒုက္ခရောက်နေပြီ။ ခပ်နိုင်တဲ့အရွယ်ပေါ့လေ။ လူကြီးတွေကလည်း အနားမနေရဘူး။ လုပ်ငန်းကတစ်ဖက်၊ ရေက တစ်ဖက်ဖြစ်နေတာဆိုတော့။ နှစ်တိုင်းမှာဆိုရင်တော့ မတ်လကုန်ပိုင်းလောက်အထိအောင် ခံတယ်ဗျ။ ဒီနှစ်ကျတော့ အခုကိုကအစ ရေတစ်ထမ်းရဖို့ အရေးဆိုရင်  ညနေ ကျောင်းဆင်းချိန်ကနေ ကလေးတွေ သွားတယ်ဆိုရင် နေဝင်မိုးချုပ်ခါနီးမှ ရေတစ်ထမ်းရတယ်။ ချောင်းထဲမှာပဲ ခပ်ရတာဗျ ။ အင်းကြီးရွာနဲ့ အနောက်ဘက် ဆို တစ်မိုင်လည်း မပြည့်တတ်ပါဘူး။ ငါးရတွင်းခေါ်တာ။ အဝေးကြီးတော့ မဟုတ်ပါဘူး။ နွေခါဆိုရင်တော့ ချောင်းမကြီး အကြီးကြီးရှိတယ်ဗျ။ ခပ်ရတာက ရေမုတ်နဲ့ဆိုလည်း မမီဘူး။ ငင်ချောင်လေးတွေလုပ်ပြီး ရေက သဲချောင်းလေးတွေပဲ အနည်ကြီးတွေပဲ၊ ဖောဖောသီသီ မဟုတ်ဘူး။ စစ်ပြီးတော့ ခပ်ရတာပါပဲ။ ချိုးရေနဲ့လည်း ရံဖန်ရံခါချိုး။ တွင်းအနေနဲ့ ကျတော့လည်း နီကြီးနေပြီးတော့ ရေငန်တွေ ထွက်တာ ။ ချောင်းရေမှာ ဆိုရင်တော့ အငန်ဓာတ်တော့မပါဘူး။ အနောက်ခေါ်မှာပေါ့။ ခပ်ပြာပြာနဲ့ ခပ်နောက်ပက်ပက်။ အဲဒီရေမျိုး ခပ်ယူရတာ၊ ကြည်ကြည်တောက်တောက်တော့ မရဘူးပေါ့ဗျာ။ ကျိုချက်ပြီးတော့ သောက်ရတာပဲ။ ညနေ ခပ်ထားတဲ့ရေကို ရေချောင်ထဲ (ရေပုံး) ထည့်ပြီးတော့ ထားလိုက်ရင် အနည်က ရေချောင်မှာကပ်နေတော့တာအပေါ်က ရေအကြည်ကို မနက်သုံးရတာ။ တစ်ညလုံး ရေကြည်ခံထားရတာ။ တချို့ဆိုရင် အနောက်က မကြည်လွယ်ဘူး ။ ည ၈ နာရီခွဲ ၊ ၉ နာရီ လောက်မှပဲ လူသူလေးပါးရှင်းတဲ့အချိန် ပြေးခပ်ရတာ။ မနက်လင်းလို့တောင် မကြည်ဘူး ” ဟု အင်းကြီးကျေးရွာမှ ဦးမြင့်ဝေကဆိုသည် ။

“ကျွန်တော်တို့ဆီ စက်တွင်းတွေ တူးကြတယ်။ ကွန်ဒဆာ ပုဂ္ဂလိကတွေ တူးကြတယ်ဆိုတာကလည်း ၁၀ မိနစ်လောက်ဆိုမှ ဘွားဆိုရတယ်။ ပေ ၇၀၀ ကျော်လောက်မှ ရေရတယ် ပြောတယ်။ ကျွန်တော်တို့ ရွာက တောဆင်းရဲတော့ မတူးနိုင်ကြဘူး။တောင်သူကလည်း အသီးအနှံဈေးက မကောင်းတော့ ရုန်းကန်နေရတာ။ ဒီရေကိုပဲ လှည့်ခပ်နေရတာ။ မိုးဦးကျစောတဲ့အခါကျရင်တော့ ဣန္ဒြေမပျက်ဘူးလေ။ နောက်ပိုင်းတန်ခူး၊ ကဆုန်လအထိ မိုးမရွာဘူးဆိုရင် ရေတော် တော်အခက်အခဲတွေ့တယ်။ နှစ်စဉ်နှစ်တိုင်းလည်း ဖြစ်နေကြပဲ။ ဒီနှစ်ကျတော့ နောက်ပိုင်း မိုးတွေရွာပြီး ပိုဆိုးတယ်ဗျ။ ရေက စစ်ခပ်နေရပြီ ။ တစ်လလောက် စောပြီး ရေခန်းနေတယ်။ အရင်နှစ်တွေက မတ်လကုန်လောက်အထိ တွင်တွင်ကျယ်ကျယ် ခပ်လို့ရတယ်။ သဲနှစ်အောက်က စိမ့်ထွက်နေတာလေး စောင့်ခပ်နေရပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုဆုတ်သွားတယ်။ မနှစ်ကလည်း ဆိုးတယ်။ ဒီနှစ်လည်း ဆိုးတယ်။ ချောင်းကျယ်တော့ ဟိုစိမ့်ပြေးခပ်ရ ဒီစိမ့် ပြေးခပ် ရနဲ့ပေါ့လေ။ အချိန်ပေးပြီး ခပ်နေရတာပေါ့။ အနောက်ရွာကတော့ စက်တွင်းရ လိုက်တော့ ဣန္ဒြေရသွားပြီ။ အရှေ့ရွာက မရသေးဘူး။ နွေရာသီဟာ နွားနှစ်ရှင်းလောက်ရှိတဲ့ အိမ်ဆိုရင် ရေခပ်နဲ့တင် အချိန်ကုန်တာပဲ” ဟု ဦးမြင့်ဝေက ဆိုသည် ။

ရေဦးမြို့နယ် အင်းကြီးကျေးရွာသည် အရှေ့ရွာ ၊ အနောက်ရွာနှစ်ရွာရှိပြီး အိမ်ခြေ ၂၁၈၊ အိမ်ထောင်စု ၂၂၂၊ လူဦးရေ ၁၆၅၅ ယောက်နှင့် ကျောင်းသားကျောင်းသူဦးရေ ၄၀၀ ကျော် (သူငယ်တန်းမှ ရှစ်တန်းအထိ) ရှိသည်ဟု သိရသည်။

အင်းကြီး အနောက်ရွာတွင် စက်ရေတွင်းတစ်တွင်းရှိပြီး အင်းကြီး အရှေ့ရွာနှင့် အနောက်ရွာသည် နှစ်ဖာလုံခန့် ကွာဝေးကာ ရေဦးမြို့မှ မိုင် ၃၀ ကျော် ခန့် ကွာဝေးကြောင်း သိရသည်။