မောင်တောမြို့နယ်၌ ARSA အကြမ်းဖက်သမားများ ထောင်ထားခဲ့သည့် လက်လုပ်မိုင်းများ မကြာခဏတွေ့ရှိရကြောင်း သိရ

မောင်တောမြို့နယ်၌ ARSA အကြမ်းဖက်သမားများ ထောင်ထားခဲ့သည့် လက်လုပ်မိုင်းများ မကြာခဏတွေ့ရှိရကြောင်း သိရ
Published 8 February 2018

မောင်တောမြို့နယ်၌ ARSA အကြမ်းဖက်သမားများ ထောင်ထားခဲ့သည့် လက်လုပ်မိုင်းများ မကြာခဏတွေ့ရှိနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခွဆုံကျေးရွာ၌ ကားမိုင်းဟောင်းတစ်လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သတင်းအရ သဝန်ချောင်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အလျားဆယ်လက်မ၊ လုံးပတ် ၁၂ လက်မခန့်ရှိ အောက်ခြေအရင်းတွင် အစိမ်းရောင်တိပ်ကပ်ထားကာ ကိုယ်ထည်တွင် ခဲရောင်တိပ်ဖြင့်ကပ်ထားပြီး ၎င်းတိပ်ပေါ်တွင် (AD) ဟုရေးသားထားသည့် ဘက်ထရီနှင့် ချိတ်ဆက်အသုံးပြုရသော ကားမိုင်းဟောင်း (သက်ရှိ) တစ်လုံးဖြစ်ကြောင်းသိရှိရပြီး နယ်မြေခံတပ်သို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

ယင်းမတိုင်မီ ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း နယ်မြေ (၈) အုန်းတော (ဘင်္ဂါလီ၊ မီးလောင်ပြင်) ရွာဟောင်း၌ အလျားခုနစ်လက်မ၊ အချင်းလေးလက်မရှိ ကားပင်စတင်ဖြင့် ပြုလုပ်ထားသော လက်လုပ်အဝေးထိန်း မိုင်းတစ်လုံး (သက်မဲ့) အား တွေ့ရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်း ကမောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္တူကျေးရွာအနီး လယ်ကွင်းဘေးတွင် မိုင်းငါးလုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ မောင်တောမြို့နယ်မြောက်ပိုင်း မြောက်ဘောင်း (ဘင်္ဂါလီ) ရွာမှ မိုင်းခြောက်လုံးနှင့် ဆက်စပ်ပစ္စည်းများကို ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်ညနေပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီကလည်း ကျောက်ပန္တူစေတီရွာ ဘင်္ဂါလီရွာမှ မြေမြှုပ်ထားသော လက်လုပ်မိုင်း ၉၇ လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါတွေ့ရှိရသည့် မိုင်းများသည် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် အကြမ်းဖက်ဘင်္ဂါလီများ ထွက်ပြေးတိမ်းရှောင်သွားစဉ် စွန့်ပစ်ထားခဲ့သည့် မိုင်းများဖြစ်သည်ဟု သုံးသပ်ရကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည့် မောင်တောအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ARSA အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားလာရာလမ်းများတွင် မိုင်းထောင်ဖောက်ခွဲသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။