၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မကုန်ဆုံးမီ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၂ သန်းရရှိထားပြီး လျာထားဝင်ငွေထက် ပိုမိုရရှိ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မကုန်ဆုံးမီ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၂ သန်းရရှိထားပြီး လျာထားဝင်ငွေထက် ပိုမိုရရှိ
Published 8 February 2018

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မကုန်ဆုံးမီ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၂ သန်းရရှိထားပြီး ယခုဘဏ္ဍာနှစ် လျာထားသည့်ဝင်ငွေထက် ပိုမိုရရှိထားကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန ယခုနှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ အမေရိကန်ဒေါ်လာ ၇၇ သန်းရရှိရန် လျာထားခြင်းဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ်မကုန်ဆုံးမီ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်အထိ အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၂ သန်း၊ မြန်မာကျပ်ငွေ သန်း ၁၆၀၀ ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

“၂၀၁၇-၂၀၁၈ ရငွေလျာထားချက်က ဒေါ်လာ ၇၇ သန်းလောက် လျာထားတယ်။ မြန်မာကျပ်ငွေကတော့ ကျပ်သန်း ၁၀၀၀ ကျော်လောက်ဖြစ်တယ်။ ၁၆.၁.၂၀၁၈ ရက်အထိ အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၂ သန်းကျော်သွားပြီဆိုတော့ လျာထားချက်ဖြစ်တဲ့ ၇၇ သန်းကိုကျော်နေပြီ။ အခုက ဇန်နဝါရီရက် ၂၀ လောက်ကျန်သေးတယ်။ ဖေဖော်ဝါရီ၊ မတ်လတွေကျန်သေးတယ်။ ဝင်ငွေမှာ မနှစ်ကအတိုင်းပဲ။ သန်း ၁၀၀ ကျော်ရသွားမယ်ထင်တယ်။ မြန်မာငွေကတော့ ကျပ်သန်း ၁၆၀၀ ကျော်သွားပြီ” ဟု အမျိုးသားမြို့ပြ လေကြောင်းလုံခြုံရေးလုပ်ငန်းကော်မတီမှ တွဲဘက်အတွင်းရေးမှူး ဦးရဲထွဠ်အောင်က ပြောကြားသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ရရှိသည့်ဘတ်ဂျက်အား ခွဲဝေသုံးစွဲသည့်နေရာတွင် ငွေလုံးငွေရင်းနှင့် သာမန်ဟူ၍ နှစ်ပိုင်းခွဲဝေသုံးစွဲကြောင်း သိရသည်။ သာမန်အသုံးစရိတ်တွင် အဓိကလစာ၊ ခရီးစရိတ်နှင့် ရေ၊ မီး၊ ရုံးသုံးပစ္စည်း အသုံးစရိတ်များပါဝင်ပြီး ငွေလုံးငွေရင်းအသုံးစရိတ်တွင် ဆောက်လုပ်ရေးနှင့် စက်ပစ္စည်းဟူ၍ နှစ်ပိုင်းခွဲခြား အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေးအပိုင်းတွင် လေယာဉ်ကွင်းတိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ လေဆိပ်အဆောက်အုံသစ် ဆောက်လုပ်ခြင်းများ၊ လေဆိပ်အဟောင်း မွမ်းမံခြင်းများပါဝင်ကြောင်း သိရသည်။ စက်ပစ္စည်းပိုင်းတွင် လေကြောင်းဆက်သွယ်ရေးနှင့် သက်ဆိုင်သည့်စက်ပစ္စည်းများ ဝယ်ယူခြင်းအပိုင်းများ ပါဝင်ကြောင်း သိရသည်။