မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအား ဖောက်ခွဲရေး လုပ်ခံရမည်ဆိုသည့် သတင်းကြောင့် လုံခြုံရေးတိုးမြှင့်

မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအား ဖောက်ခွဲရေး လုပ်ခံရမည်ဆိုသည့် သတင်းကြောင့် လုံခြုံရေးတိုးမြှင့်
Published 6 February 2018

မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ်(၁) တွင် ဖောက်ခွဲရေး အဖျက်လုပ်ငန်း လုပ်ခံရမည်ဟု သတင်းရရှိကြောင်း လူမှုကွန်ယက်တွင် ရေးသားထားခြင်းကြောင့် မြဝတီမြို့တွင်းနှင့် ချစ်ကြည်ရေးတံတား ပတ်ဝန်းကျင်တို့၌ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်က လုံခြုံရေးတို့းမြှင့် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

လူမှုကွန်ယက်တွင် Kyaw Lin Oo ဆိုသည့် အကောင့်ပိုင်ရှင်က “မနက်ဖြန် ချစ်ကြည်ရေးတံတားမှာ ဖောက်ခွဲရေး အဖျက်လုပ်ငန်းတွေ လုပ်ခံရမယ်လို့ သတင်းရတယ်။ မယုံလို့ သွားလို့ခံရရင် ကိုယ့်သမိုင်းပဲ။ မယုံလဲနေ ငါသေတာမဟုတ်။ ငါပြတ်မှာ မဟုတ်။ မင်းတို့ပဲသေကျ ပြတ်ကြမှာ ငါကအေးဆေးး” ဟု ရေးသားထားသည်။

အဆိုပါသတင်း online ပေါ် မတက်မှီ နှစ်ရက်ကလည်း မြဝတီမြို့ပေါ်ရပ်ကွက်များ၊ မြို့အဝင်အထွက် မြဝတီ-ကော့ကရိတ် လမ်းမတွင် တပ်မတော်၊ နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ လုံခြုံရေး ကြပ်မတ်ဆောင်ရွက်ခဲ့ရာ သေနတ်နှစ်လက်နှင့် လူတစ်ဦး ဖမ်းဆီးရမိခဲ့သည်။

“ချစ်ကြည်ရေးတံတား ဖောက်ခွဲမယ်။ အဖျက်အမှောက် လုပ်ခံ ရမယ်ဆိုပြီး သတင်းတက်လာတော့ သတင်းကမှန်ချင်လည်း မှန်မယ်။ မှားချင်လည်း မှားမယ်။ ပြည်သူတွေရဲ့ ဘ၀ လုံခြုံဖို့ ရဲတပ်ဖွဲ့ရဲ့ တာဝန် ဖြစ်တဲ့အတွက် မနေ့ညကလည်း လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားပါတယ်။ မြို့အတွင်း အပြင်လှည့်ကင်း ဆောင်ရွက်ပြီး ချစ်ကြည်ရေးတံတား ဝန်းကျင်နဲ့ အရေးကြီးနေရာတွေမှာ လုံခြုံရေး တိုးမြှင့် လုပ်ဆောင်နေပါတယ်” ဟု မြဝတီ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး အောင်နိုင်ထွန်းက ပြောကြားသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ညတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး အင်အား ၃၀ ခန်ဖြင့် လှည်းကင်းဆောင်ရွက်ခဲ့ပြီး ၁၂ နာရီ နောက်ပိုင်းကိုလည်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက မြို့တွင်းလှည့်လည် ခြုံရေးတိုးမြှင့် ဆောင်ရွက်ခဲ့သည်ကြောင်း သိရသည်။

မြဝတီမြို့ အမှတ် ၁ ရပ်ကွက်၊ ချစ်ကြည်ရေးတံတား ပတ်လမ်းရှိ လဘက်ရည်ဆိုင် တစ်ဆိုင်ရှေ့တွင် လွန်ခဲ့သော ၈ နှစ်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူသုံးဦးသေဆုံးခဲ့ဖူးကြောင်း သိရသည်။