စမ်းချောင်းမြို့နယ် ပန်းလှိုင်ဘူတာအနီး၌ လေးနှစ်အရွယ်မိန်းကလေးငယ်တစ်ဦး သားမယားပြုကျင့်ခံရ

စမ်းချောင်းမြို့နယ် ပန်းလှိုင်ဘူတာအနီး၌ လေးနှစ်အရွယ်မိန်းကလေးငယ်တစ်ဦး သားမယားပြုကျင့်ခံရ
Published 5 February 2018

စမ်းချောင်းမြို့နယ် ပန်းလှိုင်ဘူတာ အနီး၌ လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သားမယားပြုကျင့်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် သတင်းရရှိသည်။

ဖြစ်စဉ်မှာ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက် ပန်းလှိုင်ဘူတာအနီး ပန်းလှိုင်ခုံးတံတားအောက်တွင် နေထိုင်သည့် အသက်လေးနှစ်အရွယ် မိန်းကလေးငယ်သည် ဖေဖော်ဝါရီ ၃ ရက် နံနက် ၄ နာရီခန့်က အဆိုပါခုံးတံတားအောက် မီးရထားသံလမ်းနှစ်ခုကြားတွင် မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် ပျောက်ဆုံးသွားသဖြင့် လိုက်လံရှာဖွေခဲ့ရာ ယင်းနေ့ နံနက် ၆ နာရီခွဲခန့်တွင် သားမယားပြုကျင့်ခံထားရသည့် အနေအထားဖြင့် အဆိုပါဘူတာအနီးတွင် ပတ်ဝန်းကျင်နေသူများမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီမှာနေတာ လေးနှစ်လောက်ရှိပါပြီ။ အဲဒီနေ့က ကျွန်တော်တို့ မိသားစုခြောက်ယောက် အိပ်နေကြတာပါ။ မနက် ၃ နာရီလောက်မှာ ကျွန်တော်က ခုံးတံတားနဲ့ နည်းနည်းလှမ်းတဲ့နေရာမှာ အမှိုက်တွေကို မီးသွားရှို့ပါတယ်။ မီးရှို့လိုက် အမှိုက်လှည်းလိုက်လုပ်နေတာ တစ်နာရီလောက်ကြာတော့ ကျွန်တော့်မိန်းမအော်တဲ့ အသံကိုကြားရတယ်။ လှမ်းကြည့်လိုက်တော့ သူ့ကိုလည်ပင်းညှစ်ပြီး လူတစ်ယောက်က ခေါ်သွားတာတွေ့ရတယ်။ အဲဒါနဲ့ ပြေးလိုက်တော့ အဲဒီလူက ထွက်ပြေးသွားတယ်။ မိန်းမကိုမေးကြည့်တော့ သူခြုံထားတဲ့စောင်ကို လှမ်းပြီး လည်ပင်းညှစ်တယ်လို့ပြောတယ်။ အဲဒီလူက ဦးထုပ်ဆောင်းပြီး ကျောပိုးအိတ်လွယ်ထားတယ်။ အဲလူနောက်လိုက်ပြီး ခဏကြာတော့ အိပ်တဲ့နေရာကို ပြန်လာတော့ သမီးကို မတွေ့တော့ဘူး။ အဲဒါနဲ့ ဆက်ပြီး လိုက်ရှာတာပေါ့” ဟု ယင်းမိန်းကလေးငယ်၏ ဖခင်ဖြစ်သူက ပြောကြားသည်။

ဖြစ်စဉ်မှ မိန်းကလေးငယ်ကို ရန်ကုန်ဆေးရုံကြီးတွင် တင်ပို့ကုသထားပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “လောလောဆယ်တော့ စစ်ဆေးနေဆဲပဲ။ ကောင်မလေးကို ဆေးစစ်ထားတယ်။ ကျူးလွန်သူကို စုံစမ်းဆဲပဲ” ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို စမ်းချောင်းမြို့မရဲ စခန်းက (ပ)၄၆/ ၂၀၁၈၊ ပုဒ်မ ၃၇၆/ ၃၂၅ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။