မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံမှုနှင့်ပတ်သက်၍ သံသယရှိသူများအား ဖမ်းဆီးထားမှုများရှိသကဲ့သို့ တိမ်ညိုကျေးရွာသားခြောက်ဦးကို သုံးရက်ကြာသည်အထိ ခေါ်ယူစစ်ဆေးမှုများ ရှိနေ

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံမှုနှင့်ပတ်သက်၍ သံသယရှိသူများအား ဖမ်းဆီးထားမှုများရှိသကဲ့သို့ တိမ်ညိုကျေးရွာသားခြောက်ဦးကို သုံးရက်ကြာသည်အထိ ခေါ်ယူစစ်ဆေးမှုများ ရှိနေ
Published 5 February 2018

မြောက်ဦးပဋိပက္ခဖြစ်စဉ် ဖြစ်ပွားချိန်တွင် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သော ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံမှုနှင့်ပတ်သက်ပြီး သံသယရှိသူများအား ဖမ်းဆီးထားမှုများရှိသကဲ့သို့ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာသား ခြောက်ဦးကို သုံးရက်အထိ အိမ်ပြန်မလွှတ်ဘဲ ခေါ်ယူစစ်ဆေး မေးမြန်းမှုများရှိနေကြောင်း ဒေသခံတို့အဆိုအရ သိရသည်။

“ကျွန်မအိမ်ရှင်တို့ကို မြောက်ဦးစခန်းက ခေါ်သွားတာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီပေါ့။ ဖုန်းခေါ်ရင်လည်း ဖုန်းကိုင်တယ်။ ပြန်လာလို့ မရသေးဘူးလို့သာပြောတယ်။ စစ်ဆေးနေတယ်လို့သာပြောတယ်။ ဒါပေမဲ့ ဘယ်တော့ ပြန်လာမလဲဆိုတာတော့မပြောဘူး။ ဒီမနက်လည်း ဆက်တယ်။ မလာရသေးဘူးလို့သာ ပြောတယ်။ ကျွန်မတို့က စိတ်ပူတာပေါ့” ဟု တိမ်ညိုကျေးရွာမှ စစ်ဆေးခံနေရသူ၏ဇနီးက ပြောကြားသည်။

ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ သံသယရှိသူလေးဦးကိုသာ ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကာ ပြည်သူများကြားတွင် စိုးရိမ်မှုမြင့်တက်ခဲ့သော ဖြစ်စဉ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ကို ဇန်နဝါရီ ၃၀ ရက်က ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းနံဘေးတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး သံသယရှိသူဟုယူဆပြီး ဖမ်းဆီးထားသူလေးဦးအား ပုဏ္ဏားကျွန်းရဲစခန်းက ပုဒ်မ ၃၀၂/ ၄၄၀/  ၁၁၄ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့ပြင် ဦးကျော်မြင့်မှာ ဇန်နဝါရီ ၂၈ ရက်ကတည်းက ရန်ကုန်သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရချိန်နှင့် လွန်စွာကွာခြားနေကြောင်း  ဦးကျော်မြင့်၏ သမီးဖြစ်သူ ဒေါ်တင်တင်မြင့်က ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူး ဒုရဲမှူးသက်စိုးက ရန်ကုန်မြို့တွင် ဖမ်းဆီးထားသော ဦးကျော်မြင့်တို့အား လွှဲပြောင်းခြင်း၊ သွားရောက်ခေါ်ယူဆောင်လာခြင်း မရှိသေးကြောင်း ပြောကြားသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦး ပဋိပက္ခဖြစ်စဉ်ပြီးနောက် သုံးရက်အကြာ ဇန်နဝါရီ ၁၉ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လက်ထောက်ညွှန်ကြားရေးမှူးရာထူးဖြင့် ပြောင်းရွှေ့ခံထားရပြီးနောက် ယင်းကဲ့သို့ လုပ်ကြံခံရခြင်း ဖြစ်သည်။

ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦးပဋိပက္ခဖြစ်စဉ် ဖြစ်ပွားချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်နေသူလည်းဖြစ်ရာ ယခုကဲ့သို့ လုပ်ကြံခံခဲ့ရမှုမှာ မြောက်ဦးအရေးနှင့် ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားဖွယ် ဖြစ်စေခဲ့သည်။

ဦးဘိုဘိုမင်းသိုက်နှင့်အတူ အခင်းမဖြစ်မီ ယာဉ်ပေါ်တွင် အမျိုးသားသုံးဦးလည်း အတူပါရှိခဲ့သည်ဟုသိရပြီး လုပ်ကြံပြီးချိန်တွင် ယင်းတို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

၎င်းတို့လိုက်ပါလာသောယာဉ်ကို ပတ်ဝန်းကျင်မှ တွေ့ရှိသောအချိန်တွင် တိမ်းမှောက်နေကြောင်း သိရသော်လည်း ဦးဘိုဘိုမင်းသိုက်မှာ ထိုးသွင်းဒဏ်ရာများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဦးဘိုဘိုမင်းသိုက် လိုက်ပါစီးနင်းလာသော မော်တော်ယာဉ်မှာ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၏ မှုခင်းဖြစ်စဉ်အပေါ် စစ်ဆေးချက်များရယူအပြီး ပြန်သွားချိန် ည ၈ နာရီက မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့သော မြောက်ဦးပဋိပက္ခဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒေသခံ ခုနစ်ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာ ရရှိခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်က သီးခြားစုံစမ်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းခြင်းကို ဇန်နဝါရီ ၂၉ ရက်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့သည်။ ယင်းကဲ့သို့ ပြည်နယ်လွှတ်တော်က မြောက်ဦးဖြစ်စဉ်စုံစမ်းရေးအဖွဲ့ကို အတည်ပြုဖွဲ့စည်းပြီး တစ်ရက်အကြာတွင် မြောက်ဦးပဋိပက္ခ ဖြစ်ပွားစဉ်အတွင်း မြောက်ဦးအုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သူ ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံခဲ့ရခြင်းမှာ လူအများအကြား စိတ်ဝင်စားမှု မြင့်တက်လာစေခဲ့သည်။