မုံရွာမြို့နယ်အတွင်း ကြက်သွန်နီစိုက်တောင်သူများ စိုက်ပျိုးစရိတ်မြင့်မှုကြောင့် ရောင်းချချိန်တွင် ကြက်သွန်နီဈေးကျမည်ကို စိုးရိမ်နေ

မုံရွာမြို့နယ်အတွင်း ကြက်သွန်နီစိုက်တောင်သူများ စိုက်ပျိုးစရိတ်မြင့်မှုကြောင့် ရောင်းချချိန်တွင် ကြက်သွန်နီဈေးကျမည်ကို စိုးရိမ်နေ
Published 4 February 2018

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ်အတွင်း ကြက်သွန်နီ စိုက်တောင်သူများမှာ စိုက်ပျိုးစရိတ် မြင့်မားမှုကြောင့် ရောင်းချချိန်မှာ ကြက်သွန်နီဈေးကျသွားမည်ကို စိုးရိမ်ပူပန်နေကြကြောင်း တောင်သူများက ပြောကြားသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက အချိန်အခါမဟုတ် မိုးသည်းစွာ ရွာသွန်းမှုကြောင့် ယင်းဒေသရှိ ကြက်သွန်နီစိုက်ခင်းအချို့နှင့် ကြက်သွန်နီပျိုးခင်း အများအပြား ပျက်ဆီးဆုံးရှုံးခဲ့ကြပြီး နောက်ထပ် ထပ်မံစိုက်ပျိုးခဲ့သည့်အတွက် စိုက်ပျိုးစရိတ် မြင့်မားခဲ့ကြောင်း သိရသည်။

“မိုးကလည်း အဆက်မပြတ် ရွာခဲ့တယ်။ စိုက်ထားတဲ့ ကြက်သွန်နီခင်းတွေနဲ့ ကြက်သွန်နီပျိုးခင်းတွေက ပျက်စီးသွားတယ်။ ပျိုးစေ့တွေကလည်း ရှားသွားတယ်။ တခြားရွာတွေဆီက မှာယူပြီး ပြန်စိုက်ယူရတယ်။ အသစ်စိုက်ထားတဲ့ ကြက်သွန်နီအပင်တွေ ကြည့်ရတာတော့ ကောင်းပါတယ်။ နှစ်ခါပြန်စိုက်ရတော့ စိုက်ပျိုးစရိတ်တွေ မြင့်တက်ခဲ့တယ်။ လက်ရှိအနေအထားကတော့ ကြက်သွန်နီ ဈေးကောင်းပါတယ်။ ကြက်သွန်နီပြန်ရောင်းချိန်မှာ တစ်ပိဿာကို သုံးလေးရာဆိုရင်တော့ အရင်းတောင်မရဘူး။ ငါးရာလောက်မှ အရင်းပြန်ရမှာပါ။ ဈေးကျသွားမှာကို ကျွန်တော်တို့ တောင်သူတွေ စိုးရိမ်မိပါတယ်” ဟု မုံရွာမြို့နယ် သမန္တာကျေးရွာမှ ကြက်သွန်နီစိုက်တောင်သူ ဦးဘုန်းက ပြောကြားသည်။

ယခုနှစ်တွင် ကြက်သွန်နီစိုက် စရိတ်သည် ယခင်နှစ်ကထက် ဈေးပိုခဲ့ကြောင်း၊ ကြက်သွန်နီစိုက်စရိတ် တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲမှ ကျပ်နှစ်သိန်းအထိ ရှိခဲ့ကြောင်း၊ ထို့ပြင် တောင်သူများ၏ လယ်ယာမြေများအား မြေအမျိုးအစားအလိုက် တိုင်းတာသော ကိရိယာ မရှိကြောင်း၊ မြေအမျိုးအစားအလိုက် တိုင်းတာသည့် ကိရိယာရှိပါက တောင်သူများအတွက် စိုက်ပျိုးသည့်နေရာမှာ အဆင်ပြေမည်ဖြစ်ကြောင်း ဦးစံမောင်က ဆိုသည်။

“ဒီနှစ်က မနှစ်ကထက် စိုက်ပျိုးစရိတ် ပိုကုန်တယ်။ မနှစ်ကစိုက် ပျိုးစရိတ်က နည်းတယ်။ ဒီနှစ်စိုက်ပျိုးစရိတ်က နှစ်သိန်းလောက်ရှိတယ်။ မနှစ်က စိုက်စရိတ်က တစ်သိန်းကျော်လောက်ပဲရှိတာ။ ကျွန်တော်တို့မှာ ခက်တာက ကျွန်တော်တို့ရဲ့မြေဟာ ကောင်းမှန်းတော့ သိတယ်။ ဒါပေမဲ့ ဒီမြေဟာ ဘာဓာတ်လိုတယ်။ ဘာဓာတ်က ပိုနေတယ်။ အဲဒါကို တိုင်းတာတဲ့ ကိရိယာက တောင်သူတိုင်းက မရှိဘူး။ မြေဆီက စိုက်ခင်းတွေထဲကို ကျွေးတာ ကျွေးနေရတာ။ ရမ်းပြီးကျွေးနေရတာ” ဟု ကြက်သွန်နီစိုက်တောင်သူ ဦးစံမောင်က ပြောကြားသည်။