ထားဝယ်ခရိုင် မြန်မာ-ထိုင်းနယ်စပ် ထီးခီးဒေသတွင် KNU နှင့် တရုတ်ကုမ္ပဏီ ဖက်စပ်လုပ်ကိုင်မည့် ဧက ၆၀၀၀ ကျော်ရှိ မယ့်သမီးခီး စက်မှုဇုန်စီမံကိန်းအတွက် လေ့လာသုံးသပ်ရေးကော်မရှင် စတင်ဖွဲ့စည်း

ထားဝယ်ခရိုင် မြန်မာ-ထိုင်းနယ်စပ် ထီးခီးဒေသတွင် KNU နှင့် တရုတ်ကုမ္ပဏီ ဖက်စပ်လုပ်ကိုင်မည့် ဧက ၆၀၀၀ ကျော်ရှိ မယ့်သမီးခီး စက်မှုဇုန်စီမံကိန်းအတွက် လေ့လာသုံးသပ်ရေးကော်မရှင် စတင်ဖွဲ့စည်း
Published 27 January 2018

မြန်မာ-ထိုင်းနယ်စပ်ရှိ ထီးခီးနယ်စပ်စခန်းကိုတွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ် ထီးခီးဒေသတွင် KNU နှင့် တရုတ်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်မည့် ဧက ၆၀၀၀ ကျော်ရှိ 'မယ့်သမီးခီး' စက်မှုဇုန်စီမံကိန်းအတွက် လေ့လာသုံးသပ်ရေးကော်မရှင်ကို ဇန်နဝါရီ ၂၄ ရက် က တိုင်းဒေသကြီးလွှတ်တော်က ဖွဲ့စည်းတာ ဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၄ ရက်က ကျင်းပသည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (တတိယနေ့) တွင် လွှတ်တော်က သဘောတူ ညီချက်အရ အဖွဲ့ဝင်  ၁၄ ဦးပါဝင်သည့် 'မယ့်သမီးခီး'စက်မှုဇုန်စီမံကိန်းလေ့လာသုံးသပ်ရေး ကော်မရှင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ကျွန်းစုမဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်အား တာဝန်ပေးအပ်ကာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုးဦး၊ တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုဆိုင်ရာ အဖွဲ့ခွဲ၊ SME ၊ DDA နှင့် မြို့မိမြို့ဖတို့မှ တစ်ဦးစီဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်း၊ ယင်းကော်မရှင်အဖွဲ့သက်တမ်းမှာ စတင်ဖွဲ့စည်းသည့်နေ့မှစ၍ လွှတ်တော်အတည်ပြုရန်(သို့ မဟုတ်)အတည်မပြုရန် တင်သွင်းပြီးသည်အထိဖြစ်ကြောင်း သိရသည်။

'' KNU ကရင်အမျိုးသားအစည်းအရုံးနဲ့  Nobel Prince ကုမ္ပဏီလီမိတက်ကနေပြီးတော့ 'မယ့်သမီးခီး' ဒေသမှာစက်မှုလက်မှုလုပ်ငန်းနယ်မြေ တည်ထောင်လုပ်ကိုင်ခွင့်ဆိုပြီးတော့ လွှတ်တော်ကိုလာတင်ပြတယ်။သူတို့ကတော့ ကျကျနနပဲလာတင်ပြတာ။ ဒါနဲ့ပတ်သက်လို့သူတို့ကပြည်ထောင်စုအဆင့်မှာသွားမယ့် လုပ်ငန်းကြီးပေါ့နော်။ သို့ သော်လည်းပဲ တိုင်းဒေသကြီးလွှတ်တော်ရဲ့ သဘောထားကိုလိုတဲ့အတွက် လွှတ်တော်မှာ လာရှင်းပြတယ်။ ရှင်းပြတဲ့စာနဲ့ အချက်အလက်တွေ အစုံအလင်ရှိတယ်။ 'မယ့်သမီးခီး' စက်မှုဇုန်စီမံကိန်းနဲ့ပတ်သက်လို့သေ သေချာချာ လေ့လာသုံးသပ်ပြီးမှသဘောထားမှတ်ချက် ပေးစေလိုတယ်လို့ စာလာတင်ထားတာလည်းရှိတော့ လေ့လာသုံးသပ်ရေးကော်မရှင်အဖွဲ့ကနေသွားပြီးတော့ အဲဒီဒေသကို သွားရောက်သုံးသပ်လေ့လာမယ်။ နယ်စပ်ကိစ္စတွေပါရောပေါ့။ နယ်စပ်မျဉ်းကလည်း မသေချာသေးဘူး။ကုမ္ပဏီဘက်ကစီမံကိန်းနဲ့ ပတ်သက်လို့လွှတ်တော်ကိုလာတင်ပြတော့ သေချာလေ့လာသုံးသပ်လို့ရအောင် ဒီကော် မရှင်ကိုဖွဲ့လိုက်တာ''ဟု တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးကပြောကြားသည်။

'မယ့်သမီးခီး' စက်မှုဇုန် စီမံကိန်းလေ့လာသုံးသပ်ရေးကော်မရှင်အဖွဲ့က ဇန်နဝါရီလကုန်ပိုင်းမှ ဖေဖော်ဝါရီလအတွင်း စီမံကိန်းဆောင်ရွက်မည့်ဒေသသို့ သွားရောက်၍ ဒေသခံများနှင့်အဖွဲ့အစည်းများကို တွေ့ဆုံကာ ဒေသခံများ၏သဘောထား၊ နယ်စပ်မျဉ်းနယ်မြေအပိုင်းအခြား သေချာမှု ရှိမရှိ၊ စီမံကိန်းမှ ကရင်ပြည်သူအားလုံးကို အကျိုးပြုမှု ရှိ မရှိ၊ အဆိုပြုထားသည့် စက်မှုဇုန်မြေ ကောင်း မကောင်းနှင့် KNU  အဖွဲ့အား အကျိုးစီးပွား ဖြစ် မဖြစ်ဆိုသည်ကို လေ့လာသွားမည်ဖြစ်ပြီး လေ့လာသုံးသပ်တွေ့ရှိချက်များကို လာမည့် မတ်လအစောပိုင်းတွင် ပြုလုပ်မည့် တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး၌ အစီအရင်ခံစာ ဖတ်ကြား အတည်ပြုသွားရန်ရှိကြောင်း၊ ယင်းအစီအရင်ခံစာကို ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီးအစိုးရသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် ထီးခီးဒေသတွင်တည်ဆောက်မည့်  ၆၆၇၆ ဧကရှိ 'မယ့်သမီးခီး'စက်မှုဇုန်နှင့် စက်မှုမြို့စီမံကိန်းနှင့်  Taninthayi Renewable Energy Power Project ၊ ထီးခီး-ကနက်သီရိ (ထားဝယ်မြစ်ဝ) လမ်းသစ်နှင့် အသေးစားဆိပ်ကမ်းတည်ဆောက်ရေးတို့အတွက် Nobel Prince Company Limited၊  Sun & Rainbow Company Limited နှင့် တရုတ်ကုမ္ပဏီဖြစ်သော Power China International Group Limited တို့ အကြားပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က ထားဝယ်မြို့၌ MoU  လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းလက်မှတ်ရေးထိုးပွဲသို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီး စောမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။

'မယ့်သမီးခီး' စက်မှုဇုန်စီမံကိန်းအား လုပ်ကိုင်ခွင့်ရရှိထားသည့် Nobel Prince ကုမ္ပဏီမှာ ကရင်အမျိုးသားအစည်းအရုံး (KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်)မှ စီးပွားရေးဆောင်ရွက်ရန် တည်ထောင်ထားသည့်ကုမ္ပဏီဖြစ်ကြောင်း၊ Sun & Rainbow ကုမ္ပဏီမှာ Nobel Prince ကုမ္ပဏီ ကိုယ်စား နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ကျွမ်းကျင်သူ၊ ဒေသတွင်ပါဝင်နိုင်သူများကို ရှာဖွေပေးရန်အတွက် တာဝန်ခံပေးထားကြောင်း၊ စီမံကိန်းအားရင်း နှီးမြှုပ်နှံမည့်ပမာဏမှာ ယခုအချိန်တွင်ပြောရန်ခက်ခဲပြီး အကြမ်းဖျင်းအားဖြင့် အမေရိကန် ဒေါ်လာသန်းပေါင်းများစွာလိုအပ်ကာ ၎င်းတို့နှင့်လက်တွဲမည့် Power China  ကုမ္ပဏီအနေဖြင့် နိုင်ငံတကာနှင့်အလုပ်လုပ်နိုင်သည့် ကုမ္ပဏီဖြစ်သည့်အပြင် ကမ္ဘာ့ထိပ်တန်း အဆင့်ကုမ္ပဏီ  ၅၀၀ အတွင်း ပါဝင်ကာ တရုတ်နိုင်ငံတစ်ဝန်းတွင် စီမံကိန်းပေါင်း ၁၈၀၀ ကျော်ခန့် တစ်ပြိုင်တည်းဆောင်ရွက်နေသည့်  တရုတ်နိုင်ငံပိုင် ကုမ္ပဏီဖြစ်ကြောင်း ု KNU မြိတ်-ထားဝယ်ခရိုင်ကိုယ်စားဆောင်ရွက်မည့် ှSun & Rainbow ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးငွေစိုးကပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ စီမံကိန်းအကောင်အထည်ဖော်မည့် ကုမ္ပဏီများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ့ဆုံရာတွင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ထီးခီးဒေသတွင်  ၆၆၇၆ ဧကရှိ စက်မှုဇုန် စီမံကိန်းနှင့်တနင်္သာရီမြစ်အတွင်း မဂ္ဂါဝပ် ၆၀၀ အထိ ထုတ်လုပ်မည့်ရေအားလျှပ်စစ်စီမံကိန်းအပြင် ထီးခီးနယ်စပ်မှ ထားဝယ်မြစ်ဝအထိ မိုင် ၇၀ အရှည်လမ်းနှင့် ဆိပ်ကမ်းတို့ တည်ဆောက်ရန် တရုတ်နိုင်ငံပိုင် Power China ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမည့် ယင်းစီမံကိန်းအကောင်အထည်ဖော်မည့်ကိစ္စကို ၎င်းတို့ အစိုးရအဖွဲ့က ကန့်ကွက်ရန်မရှိဘဲ သဘောတူခွင့်ပြုကြောင်းပြောကြားသည်။ ထားဝယ်ဒေသတွင် ထိုင်းနိုင်ငံအခြေစိုက် အီတာလျံ-ထိုင်းကုမ္ပဏီ (TTD) က အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး၂၀၁၃ ခုနှစ်က ယာယီ ရပ်နားထားခဲ့ပြီးနောက် လက်ရှိအစိုးရလက်ထက်တွင်ပြန်လည် စတင်ရန်စီစဉ်နေသည့် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် မြန်မာ-ထိုင်းနယ်စပ် ထီးခီးနယ်စပ်စခန်းအနီးတွင် အကောင်အထည်ဖော်မည့် ၎င်း'မယ့်သမီးခီး' စက်မှုဇုန်မှာ မိုင် ၁၀၀ နီးပါးသာကွာဝေးသော်လည်း ထားဝယ်စီမံကိန်းမှာ အကြီးစား စက်မှုစီမံကိန်းဖြစ်၍'မယ့်သမီးခီး' စက်မှုဇုန်မှာ ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင်ရရှိစေရေး အဓိကဦးတည်ထားသည့် နယ်စပ်စက်မှုဇုန်တစ်ခုသာဖြစ်သောကြောင့်  စက်မှုဇုန်နှစ်ခုနီးကပ်စွာတည်ရှိနေခြင်းက အထောက်အပံ့အနေဖြင့်သာရှိနိုင်ပြီး သက်ရောက်မှုကြီးမားစွာ ရှိလိမ့်မည်မဟုတ်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောကြားသည်။