ဦးကိုနီအား လုပ်ကြံရာတွင် အသုံးပြုခဲ့သည့် သေနတ်နှစ်လက်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း အောင်ဝင်းဇော်နှင့် ကြည်လင်းက ဘားအံမြို့သို့သွားပြီး တစ်လက်လျှင် ကျပ် ၂၅ သိန်းစီဖြင့် ဝယ်ယူခဲ့ကြောင်း သက်သေရဲအရာရှိ ထွက်ဆို

ဦးကိုနီအား လုပ်ကြံရာတွင် အသုံးပြုခဲ့သည့် သေနတ်နှစ်လက်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း အောင်ဝင်းဇော်နှင့် ကြည်လင်းက ဘားအံမြို့သို့သွားပြီး တစ်လက်လျှင် ကျပ် ၂၅ သိန်းစီဖြင့် ဝယ်ယူခဲ့ကြောင်း သက်သေရဲအရာရှိ ထွက်ဆို
Published 27 January 2018

ဦးကိုနီအမှုနှင့် ပတ်သက်၍ တရားစွဲခံရသည့် ကြည်လင်းတို့အား ရုံးထုတ်လာစဉ်

ဦးကိုနီအား လုပ်ကြံရာတွင် အသုံးပြုခဲ့သည့် သေနတ်နှစ်လက်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း၌ အောင်ဝင်းဇော်နှင့် ကြည်လင်းတို့က ဘားအံမြို့သို့ သွားရောက်ကာ သေနတ်တစ်လက်လျှင် ကျပ် ၂၅ သိန်းစီဖြင့် ဝယ်ယူခဲ့ကြောင်း သက်သေရဲအရာရှိက တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

ဇန်နဝါရီ ၂၆ ရက်က ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ အောင်ဝင်းဇော်နှင့် ကြည်လင်းတို့အား စွဲဆိုထားသည့် လက်နက်မှုကို ရုံးထုတ်စစ်ဆေးစဉ် တရားလိုပြ သက်သေအဖြစ် လာရောက်ထွက်ဆိုသည့် ရဲမှူးတင်မောင်ဆွေက ထိုသို့ထွက်ဆို ခဲ့ခြင်းဖြစ်သည်။

ရဲမှူးတင်မောင်ဆွေက ကြည်လင်းနှင့် အောင်ဝင်းဇော်တို့သည် ဦးကိုနီအား လုပ်ကြံရာတွင် အသုံးပြုသည့် သေနတ်နှစ်လက်ကို ဝယ်ယူရန် ၂၀၁၆ ခုနှစ် အောက်တိုဘာလ၌ အောင်ဝင်းဇော်၏ ကိုယ်ပိုင်ယာဉ်ဖြင့် ဘားအံမြို့သို့ သွားရောက်ခဲ့ပြီး ဘားအံဘောလုံးကွင်း အနီးတွင် ယခင်ရှေးဟောင်းပစ္စည်း ရောင်းဝယ်စဉ်က သိကျွမ်းခဲ့သည့် ကရင်အမျိုးသား တစ်ဦးနှင့် အမှတ်မထင်ဆုံတွေ့ရာ အဆိုပါ အမျိုးသားထံမှ ၉ မမ ပစ္စတိုတစ်လက် ၎င်းကျည် ၁၁ တောင့်ကို ငွေကျပ် ၂၅ သိန်းဖြင့် လည်းကောင်း၊ ငါးလုံးပြူးသေနတ်နှင့် ၎င်းကျည်လေးတောင့်ကို ကျပ် ၂၅ သိန်းဖြင့် လည်းကောင်း ဝယ်ယူကာ ကားအောက်ခန်းတွင်ထည့်၍ ရန်ကုန်သို့ သယ်ယူခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိက ထွက်ဆိုသည်။

ထိုကဲ့သို့ ထွက်ဆိုထားမှုနှင့် ပတ်သက်၍ ကြည်လင်း၏ရှေ့နေ ဦးကျော်ကျော်ထိုက် (တရားလွှတ်တော်ရှေ့နေ) က သက်သေထွက်ဆိုသည့် ရဲအရာရှိအား အဆိုပါ သေနတ်များကို အောင်ဝင်းဇော်၏ကားဖြင့် သွားရောက် ဝယ်ယူခဲ့သည် ဆိုပါက ရန်ကုန်မှ ဘားအံသို့သွားရာ လမ်းတစ်လျှောက် ဂိတ်ကြေးကဲ့သို့ လက်မှတ် စာရွက်စာတမ်း၊ ဂိတ်မှတ်တမ်း စာအုပ်တွင် ရေးမှတ်ထားသည့် အောင်ဝင်းဇော်၏ ကားနံပါတ်၊ CCTV မှတ်တမ်း၊ သေနတ်ဝယ်သည်ဆိုရာ၌ မြင်တွေ့ပါသည်ဆိုသော လူသက်သေ စသည်တို့ကို တရားရုံးသို့ သက်သေအဖြစ် တင်ပြထားပါသလားဟု ပြန်လှန်မေးခွန်းမေးမြန်းရာ သက်သေရဲအရာရှိက ရန်ကုန်မှမြဝတီသို့ သွားရာလမ်းတွင် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့်နေရာတွင် လှည့်ကင်းဆောင်ရွက်လျက်ရှိပြီး ဝင်မှုထွက်မှု မှတ်တမ်းရေး မှတ်ထားရှိကြောင်း၊ CCTV မှတ်တမ်းများမှာ အချိန်ကာလ တစ်လသာ ထိန်းသိမ်းထားရှိနိုင်ပြီး အခင်းဖြစ်စဉ်က စုံစမ်းစဉ်မှတ်တမ်းများ ကျန်ရှိနိုင်ခဲ့သည်ဆိုလျှင် အောင်ဝင်းဇော်၏ ခန္ဓာကိုယ်တွင် စုံစမ်းရှာဖွေရာ မြို့ဝင်ကြေးမှတ်တမ်းများ သိမ်းဆည်းရမိခြင်း မရှိသည့်အတွက် တင်ပြနိုင်ခြင်း မရှိပါ။ သေနတ်ဝယ်ယူစဉ် မြင်တွေ့ပါဆိုသော လူသတ်သေ တင်ပြနိုင်ခြင်းမရှိပါ။ အောင်ဝင်းဇော်နှင့် ကြည်လင်းတို့၏ ဝန်ခံထွက်ဆိုချက်အရ သိရပါသည်ဟု ဖြေကြားခဲ့သည်။

ယင်းနေ့တွင် တရားလိုပြသက်သေ ရဲမှူးတင်မောင်ဆွေအပြင် လက်နက်မှုကိုင်တွယ်သည့် အမှုစစ် ဒုရဲမှူးတင်ဝင်းမောင်ကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ ရာဇဝတ်ကြီးအမှု အမှတ် ၄၆/၂၀၁၇ တရားလို ဒုရဲမှူးမြထွန်းကျော်နဲ့ တရားခံကြည်လင်း ခေါ်ဖိုးထူးပ (၂)၊ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (ဃ) (စ) အရ စွဲဆိုမှုက ရဲမှူးတင်မောင်ဆွေ၊ ဒုရဲမှူးတင်ဝင်းမောင်တို့ နှစ်ဦးကို စစ်ဆေးခဲ့ပါတယ်” မြောက်ပိုင်းခရိုင်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က မီဒီယာများကို ပြောကြားသည်။

လက်နက်မှုကို စစ်ဆေးသည့် အမှုစစ်ဖြစ်သူ ဒုရဲမှူးတင်ဝင်းမောင်၏ ထွက်ဆိုချက်များအနက်မှ အောင်ဝင်းဇော်နှင့် ကြည်လင်းတို့ သေနတ်ဝယ်ယူခဲ့သည်ဆိုသော လူအားရှာဖွေ၍ သက်သေအဖြစ် တင်ပြပြရန် ရဲတပ်ဖွဲ့တွင် တာဝန်ရှိကြောင်း ဦးကျော်ကျော်ထိုက်က ဆက်လက်မေးမြန်းရာ ဒုရဲမှူးက သေနတ်ရောင်းသည့်သူကို ဖမ်းဆီးနိုင်ရန် စုံစမ်းရှာဖွေ ခဲ့သော်လည်း တွေ့ရှိခြင်း မရှိပါဟု ထွက်ဆိုခဲ့သည်။

ထို့ပြင် အဆိုပါ သက်သေရဲအရာရှိ နှစ်ဦးကို အောင်ဝင်းဇော်၏ရှေ့နေ ဦးအောင်ခိုင် (တရားလွှတ်တော်ကလည်း) ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့သည်။

“သူတို့ (ရဲ) က ထွက်ဆိုချက်ကို ရထားတယ်ဆိုရင် ဒီထွက်ဆိုချက်ကို ခိုင်မာတဲ့ အထောက်အထား ခိုင်လုံတဲ့ အထောက်အထား ထက်ရဖို့အတွက် ကြိုးစားသင့်တယ်ပေါ့။ အဲဒီဟာမျိုးတွေ တရားရုံးကို တင်ပြသင့်တယ်ပေါ့။ တင်ပြရင် တရားရုံးကလည်း တရားခံတွေကို သံသယကင်းကင်း ခိုင်လုံတဲ့ အထောက်အထားရှိရှိ အရေးယူ အပြစ်ပေးနိုင်ဖို့အတွက် ပိုသင့်တော်တယ်ပေါ့။ ရဲအရာရှိရှေ့မှာ စစ်ခံထားရတယ်ဆိုတာ။ သူဘယ်လိုနည်းနဲ့ရတဲ့ စစ်ချက်တွေဆိုတာ သိနိုင်လား။ ဒါကြောင့် ဥပဒေက အားလုံးမျှမျှတတ ပေးထားတာ။ ရဲရှေ့မှာပြောတဲ့ အကြောင်းအရာ အားလုံးဟာ တရားမဝင်ပါဘူး။ ဥပဒေနဲ့ မညီပါဘူး။ သို့သော်သူတို့ လုပ်ငန်းဆောင်တာအရ လုပ်ခဲ့တဲ့ဟာကိုတော့ သူတို့က တရားရုံးကို လာပြောတာ” ဟု ကြည်လင်း၏ရှေ့နေ ဦးကျော်ကျာ်ထိုက် (တရားလွှတ်တော်ရှေ့နေ) က ပြောကြားသည်။