ရန်ကုန်တိုင်းအစိုးရ ဝယ်ယူထားသည့် ကျောင်းကားများ ဇွန် ၁ ရက် စတင်ပြေးဆွဲမည်ဖြစ်ပြီး ယခင်ကမပြေးဆွဲနိုင်ခြင်းမှာ ကုမ္ပဏီက ဆောင်ရွက်မှုနှေးကွေးခြင်းကြောင့်ဟု ဆို

ရန်ကုန်တိုင်းအစိုးရ ဝယ်ယူထားသည့် ကျောင်းကားများ ဇွန် ၁ ရက် စတင်ပြေးဆွဲမည်ဖြစ်ပြီး ယခင်ကမပြေးဆွဲနိုင်ခြင်းမှာ ကုမ္ပဏီက ဆောင်ရွက်မှုနှေးကွေးခြင်းကြောင့်ဟု ဆို
Published 26 January 2018

ကျောင်းများတွင် ပြေးဆွဲမည်ဟုဆိုသည့် ကျောင်းကားအချို့ကို တွေ့ရစဉ်

ရန်ကုန်တိုင်းအစိုးရ ဝယ်ယူထားသည့် ကျောင်းကားများကို လာမည့်စာသင်နှစ် ဇွန် ၁ ရက် စတင်ပြေးဆွဲမည်ဖြစ်ပြီး ယခင်က မပြေးဆွဲနိုင်ခြင်းမှာ ကုမ္ပဏီက ဆောင်ရွက်မှုများ နှေးကွေးခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“ကျွန်တော်တို့ မကြာခင်မှာ ဖွင့်ပွဲလေးလုပ်ဖို့ရှိတယ်။ အခု ဒရိုင်ဘာတွေ ခေါ်ထားတာ လုပ်နေတယ်။ IT တက်ထားတာ တော်တော်များများ တပ်နေပြီ။ School Bus ကို စီးခြင်းအားဖြင့် မိဘတွေစိုးရိမ်တာက သား သမီးတွေ ဘယ်ရောက်နေပြီဆိုတာကို ဖုန်းထဲမှာ Application ထည့်ပြီး ကြည့်လို့ရတာ ဖြစ်ပါတယ်။ တကယ့်ကို နိုင်ငံတကာပုံစံအတိုင်းဖြစ်တယ်။ ကျွန်တော်တို့ ရည်မှန်းတာက နောင်တစ်ချိန်ကျရင် ဒီလိုကိုယ်ပိုင်ကားရှိတဲ့သူတွေက School Bus သုံးအောင် ရည်ရွယ်တာဖြစ်ပါတယ်။ သေချာတာကတော့  Light Truck ကို အသုံးမပြုရတော့ဘူးဆိုတော့ School Bus က စတင်မှာဖြစ်တယ်။ ကျောင်းကြီးတွေကနေ စမှာဖြစ်တယ်။ လာမယ့်စာသင်နှစ် ဇွန် ၁ ရက်မှာ စမှာဖြစ်တယ်။ အဓိကထားမှာတော့ ကျောင်းလေးကျောင်းပေါ့။ ဒီနှစ်မှာနှောင့်နှေးသွားတာက ကုမ္ပဏီ ဖွဲ့တဲ့နေရာမှာ ကုမ္ပဏီက သူတို့ရဲ့လှုပ်ရှားမှုက တော်တော်ကိုနှေးကွေးတဲ့အတွက် နှောင့် နှေးသွားတာ ဖြစ်တယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။

School Bus အစီး ၂၀၀ ဝယ်ယူရာတွင် ကျပ် ၁၀ ဘီလျံကျော် ကုန်ကျခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပဉ္စမအကြိမ် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြား ထားသည်။

အဆိုပါကျောင်းကားများအား မထသမှ လွှဲပြောင်းရယူခဲ့သည့် ကျပ်သိန်းခြောက်သောင်းကျော်ထဲမှ ကျပ်သိန်းငါးသောင်းဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း၊ သို့သော် School Bus အစီး ၂၀၀ အတွက် ကုန်ကျငွေသည် ၁၀ ဒသမ ၅ ဘီလျံဖြစ်သည့်အတွက် လိုအပ် သော ကျပ် ၅ ဒသမ ၅ ဘီလျံကို ရွှေလက်ကုမ္ပဏီထူထောင်ချိန်တွင် အစိုးရနှင့် ဖက်စပ်ပါဝင်လာသော ပုဂ္ဂလိကကုမ္ပဏီမှ တာဝန်ယူကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

ကျာင်းကားပြေးဆွဲသည့်ကုမ္ပဏီသည် စီးပွားရေးတွက်ခြေကိုက်ခြင်း မရှိသဖြင့် ဆက်လက်မပြေးဆွဲနိုင်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကုန်ကျစရိတ်ခံပြီး အစားထိုးပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၏ ပြောကြားချက်အရ သိရသည်။

School Bus ပြေးဆွဲနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရင်းနှီး မြှုပ်နှံမှုပြုလုပ်ထားသည့် ရွှေလက်အမည်ရှိ ကုမ္ပဏီအား ဖွဲ့စည်းပြီး လုပ်ကိုင်ဆောင်ရွက်စေခြင်းဖြစ်သည်။