လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ Big Fish များ ရစရာ တွေ့စရာ အကြောင်းမရှိဘဲ အသေးအဖွဲ လာဘ်ပေးလာဘ်ယူမှုများသာ ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ Big Fish များ ရစရာ တွေ့စရာ အကြောင်းမရှိဘဲ အသေးအဖွဲ လာဘ်ပေးလာဘ်ယူမှုများသာ ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 24 January 2018

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်အား တွေ့ရစဉ်

လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ Big Fish များ ရစရာ တွေ့စရာ အကြောင်းမရှိဘဲ အသေးအဖွဲ လာဘ်ပေးလာဘ်ယူမှုများကိုသာ ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဇန်နဝါရီ ၂၃ ရက်တွင် သတင်းမီဒီယာများသို့ ဖြေကြားသည်။

မြန်မာနိုင်ငံ၏ အကျင့်ပျက်လာဘ်စားမှုနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အောင်မြင်ရန် တိုင်းပြည်ရှိ လူသိထင်ရှားသော အကျင့်ပျက်ပုဂ္ဂိုလ်အချို့ကို ရုံးတင်စစ်ဆေး အပြစ်ပေးပြမည့် “ငါးကြီးကြီး တချို့ကိုကြော်ရန်” လိုအပ်နေကြောင်းနှင့် နိုင်ငံရေးရန်သူများကို အဂတိလိုက်စားမှု စွပ်စွဲချက်ဖြင့် သိက္ခာချမှုများ ရှိနေသဖြင့် ကြော်သည့်ငါးမှာ ကိုယ့်ကန်ထဲမှ ဖြစ်သင့်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က ဇန်နဝါရီ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ကျင်းပသည့် ‘အဂတိလိုက်စားမှု တွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာ မြှင့်တင်စို့’ ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားမှုအပေါ် ကော်မရှင်အနေဖြင့် ငါးကြီးကြီးများ ဖမ်းမိနိုင်မည့် အခြေအနေတွင် ရှိမရှိ မီဒီယာများနှင့် ဇန်နဝါရီ ၂၃ ရက်တွင် တွေ့ဆုံစဉ် ပြန်လည် မေးခွန်းထုတ်မှုအပေါ် ဦးအောင်ကြည်က တုံ့ပြန်ဖြေကြားခြင်းဖြစ်သည်။

“ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ် ဆိုရင်တော့ ကျွန်တော်တို့ လက်ရှိတည်ဆဲဥပဒေအရ ဆိုရင်တော့ Big Fish ကို ရစရာ တွေ့စရာ အကြောင်းမရှိပါဘူး။ တကယ်တမ်း လက်တွေ့လုပ်မယ်ဆိုရင် သူ့ရဲ့ကန့်သတ်ချက်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့က အသေးအဖွဲ လာဘ်ပေးလာဘ်ယူ ကိစ္စမျိုးလောက်ပဲ ကိုင်တွယ်နိုင်ဖို့ ရှိပါတယ်” ဟု ဦးအောင်ကြည်က ပြောကြားသည်။

လက်ရှိတွင် အစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အောင်မြင်ရန်မှာ တိုင်းသူပြည်သားများ၏ ယုံကြည်လက်ခံမှုရှိရန် လိုအပ်ကြောင်း ဒေါက်တာဦးမြင့်က ပြောကြားသည်။

ပြည်သူများ လက်ခံယုံကြည်ရန် အကျင့်ပျက်ဆက်ဆံရေး၏ ဘက်နှစ်ဖက်ဖြစ်သော ဝယ်လိုအားနှင့် ရောင်းလိုအားဘက်တွင်ရှိသည့် ကျုးလွန်သူများကို အစိုးရက အမှန်တကယ် အရေးယူ တိုက်ဖျက်နေကြောင်း ပြည်သူများ လက်ခံယုံကြည်စေရန် လိုအပ်သည်ဟု ဒေါက်တာဦးမြင့်က ရှင်းလင်းသည်။ ထိုသို့ ပြည်သူများ ယုံကြည်စေရေး လိုအပ်ချက်ကို ဖြည့်ဆည်းရန် “ငါးကြီးကြီးတချို့ကို ကြော်စေလိုကြောင်း” ဒေါက်တာဦးမြင့်က ပြောကြားပြီး ယင်းဆိုလိုရင်းမှာ တိုင်းပြည်ရှိ လူသိထင်ရှားသော အကျင့်ပျက်ပုဂ္ဂိုလ် အချို့ကို ရုံးတင်စစ်ဆေး အပြစ်ပေးပြရန် ဖြစ်ကြောင်း ဒေါက်တာဦးမြင့်က ပြောကြားသည်။ အိမ်နီးချင်းနိုင်ငံ အများစုတွင် နာမည်ကြီး အရာရှိကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများကို အဂတိလိုက်စားမှုစွဲချက်ဖြင့် လူသိရှင်ကြား ရုံးတင်စစ်ဆေးပြီး ပြစ်ဒဏ်ကျခံစေသည်များကို ပြုလုပ်နေကြောင်း တွေ့ရှိနေရပြီး မြန်မာနိုင်ငံတွင် ငါးကြီးကြီးတချို့ကို ကြော်ရန်မှာလည်း နိုင်ငံရေးရန်သူများကို အဂတိလိုက်စားမှု စွဲချက်ဖြင့် သိက္ခာချသည်များလည်း ရှိနေသဖြင့် နောက်ထပ်အကြံပြုချက် တစ်ခုမှာ  “ကြော်လိုက်သော ငါးကြီးများမှာ ကိုယ့်ကန်ထဲက ဖြစ်သင့်ကြောင်း” ဒေါက်တာဦးမြင့်က ပြောကြားသည်။

“အများယုံကြည် လက်ခံမှုကလည်း အရေးကြီးတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရကိုယ်တိုင်က အလေးအနက် ဆောင်ရွက်နေကြောင်း လက်ခံယုံကြည်ဖို့ လိုပါတယ်။ အထူးသဖြင့် ကော်မရှင်ဆိုရင် တကယ်လုပ်နေတယ် ဆိုတာကို ပြရမယ်။ ပြတဲ့အခါကျရင် ဘယ်လိုလုပ်ရမလဲဆိုတော့ ငါးကြီးကြီးတချို့ကို ကြော်လိုက်ပါတဲ့။ တကယ်သိက္ခာ ပျက်နေတာတွေကို လုပ်ပြလိုက်ပါတဲ့။ ပြဿနာက ငါးကြော်တဲ့ဟာကလည်း သူများငါးပဲ ကြော်ချင်တယ်။ ကိုယ့်ငါးမကြော်ချင်ဘူး။ ကြော်လို့ရှိရင်လည်း ကိုယ့်ရေကန်ထဲက ငါးကိုကြော်ပါ” ဟု ဒေါက်တာဦးမြင့်က ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် လက်ရှိ တည်ဆဲဥပဒေအရ ငါးကြီးကြီးများ ဖမ်းဆီးနိုင်မည့် အခြေအနေတွင်မရှိဘဲ အသေးအဖွဲ လာဘ်စားမှုများသာ ဖမ်းဆီးနိုင်မည့် အခြေအနေ ဖြစ်နေသော်လည်း ၂၀၁၈ ခုနှစ် လုပ်ငန်းစီမံချက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပေါ်လစီ မူဘောင်များ၊ Legislation ပိုင်းများကို ဖွံ့ဖြိုး အောင်လုပ်ဆောင်ရမည် ဆိုသည့်အချက် ပါဝင်နေပြီး အဆိုပါအချက်မှာ အရေးပါကာ အဆိုပါဥပဒေ ပြင်ဆင်နိုင်မည်ဆိုပါက ကြီးမားသည့် Corruption များကိုပါ အရေးယူ ဆောင်ရွက်နိုင်သည့် အခြေအနေ ဖြစ်လာမည်ဖြစ်ကြောင်း ဦးအောင်ကြည်က ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ ၂၀၁၈ လုပ်ငန်းစီမံချက်ထဲမှာ Policy မူဘောင်တေ၊ွ legislation နဲ့ပတ်သက်တဲ့ ကိစ္စတွေ ဒါတွေဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်ဆိုတဲ့ အချက်တစ်ချက်ပါတယ်။ အဲဒါ သိပ်အရေးကြီးတယ်။ ပြီးခဲ့တဲ့ ၁၉ ရက်က သတင်းစာထဲမှာ မူကြမ်းထည့်ပါတယ်။ ဥပဒေပြုရေးပိုင်းကလည်း ဒါကို အများကြီး စိတ်ဝင်စားစွာနဲ့ ဦးစားပေးပြီး ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ မျှော်လင့်ချက် အများကြီးရှိပါတယ်။ အဲဒီလိုသာ ကျွန်တော်တို့ ပြင်ဆင်နိုင်မယ်ဆိုရင် ကြီးမားတဲ့ Corruption ကိစ္စတွေလည်း အရေးယူ ဆောင်ရွက်နိုင်တဲ့ အနေအထား ဖြစ်လာပါလိမ့်မယ်” ဟု ဦးအောင်ကြည်က ဆက်လက်ပြောကြားသည်။