ဖြူးမြို့ အနောက်-အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်၏ နောက်ဆက်တွဲငလျင် အကြိမ် ၆၀ ကျော် လှုပ်ခတ်ထား

ဖြူးမြို့ အနောက်-အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်၏ နောက်ဆက်တွဲငလျင် အကြိမ် ၆၀ ကျော် လှုပ်ခတ်ထား
Published 22 January 2018

ဖြူးမြို့အနောက် - အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာကိုဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၆ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည့် ငလျင်မှ နောက်ဆက်တွဲ ငလျင်အကြိမ် ၆၀ ကျော်ခန့်အထိ လှုပ်ခတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

အဆိုပါငလျင်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၂ “ဖြူးရဲ့ နောက်ဆက်တွဲငလျင်က အကြိမ် ၆၀ လောက်ရှိသွားပြီ။ ရစ်ချ်တာစကေး ၂ လောက်ကနေ ၄ ဒသမ ၉ လောက်ထိ က ၅၇ ကြိမ်လောက် ရှိသွားပြီ။ ၅ ဒသမ ၃ က သုံးကြိမ်ရှိသွားပြီ။ ၆၀ ကျော်လောက်ရှိပြီ။ ငလျင်နောက်ဆက်တွဲတွေက တစ်လနှစ်လလောက်နဲ့လဲ ပြီးသွားပြီ။ ချောက်ငလျင်ဆိုရင် သိပ်တော့မကြာဘူး။ တစ်ရက်နှစ်ရက်နဲ့ပြီး သွားတယ်။ သပိတ်ကျင်းငလျင်ကျတော့ ရှစ်လကိုးလလောက်ကြာတယ်။ နောက်ဆက်တွဲ လှုပ်တာကတော့ တစ်ခုနဲ့တစ်ခုက အချိန်ကာလတွေက မတူကြဘူး” ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

မြေငလျင်လှုပ်ခတ်မှုသည် ကျောက်သားထုချပ်နှစ်ခုတစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုမှ အခြားတစ်ခုအောက်သို့ ငုံ့လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေက်လာကာ အဆိုပါတွန်းတိုက်သည့်နေရာတွင် အားများတဖြည်းဖြည်းစုစည်းလာပြီး စုစည်းမိသော အားများရုတ်တရက် ရုန်းကန်ကာ ပြန့်ထွက်ပြီး မြေငလျင်လှုပ်ခတ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှ တောင်အထိရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင်ကြောကြီးတစ်ခု ဖြစ်ပေသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်-တောင်မြောက်တန်းလျက်တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှ စတင်ပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်း လျက်တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့၊ အနောက်တန်းလျက်တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများ ဖြစ်ပေသည်။ ငလျင်ပြတ်ရွေ့အသေး ၄၀ ခန့်ရှိသောကြောင့် ငလျင်ဒဏ်အား အချိန်မရွေး ခံစားနိုင်သည်။ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေပြီး ပမာဏကြီးမားသည့် အဓိက မြေငလျင်ကြောကြီး ငါးခုရှိသည်။ ထို့ပြင် မကြာခဏလှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်းရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။

ငလျင်လှုပ်ခတ်ပါက အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ်လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ချ်တာစကေး ၅ မှ ၅ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့် ပျက်စီးမှု အနည်းအငယ်ရှိနိုင်ပြီး ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ်ခတ်ပါက အင်အားပြင်း အဆင့်သတ်မှတ်ပြီး အပျက်အစီးများကာ ရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်းအဖြစ်သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင်အထိ လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent