၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃၇၀၀ သန်းရရှိရန်လျာထား

၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃၇၀၀ သန်းရရှိရန်လျာထား
Published 19 January 2018

ဇန်နဝါရီ ၁၇ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃၇၀၀ သန်း ရရှိရန်လျာထားကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။

ဇန်နဝါရီ ၁၇ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ဆောင်ရွက်ရန် လျာထားချက်များနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးဦးအောင်ထူးက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

ဒုတိယဝန်ကြီးက ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၇၀၅ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၉၉၅ သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃၇၀၀ သန်း ရရှိရန်လျာထား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိုးတွင်းကာလ ဖြစ်သည့်အတွက် လျော့နည်းလျာထားခြင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ရငွေစုစုပေါင်း ကျပ် ၁၀၄၀၁ ဒသမ ၂၁၆သန်း၊ အသုံးစရိတ်ကျပ် ၆၅၂၅ ဒသမ ၅၂၁ သန်းဖြစ် သည့်အတွက် ဝန်ကြီးဌာန တစ်ခုလုံးအနေဖြင့် ပိုငွေ ကျပ် ၃၈၇၅ ဒသမ ၆၉၅ သန်းလျာ ထားကြောင်း၊ သာမန်ရငွေ ကျပ် ၁၀၀၁၄ ဒသမ ၂၈၀ သန်း၊ ငွေလုံးငွေရင်းရငွေ ကျပ် ၂၈ ဒသမ ၆၁၃ သန်း၊ ကြွေးမြီရငွေ ကျပ် ၃၅၈ ဒသမ ၃၂၃ သန်းဖြစ်ပြီး စုစုပေါင်းရငွေ ကျပ် ၁၀၄၀၁ ဒသမ ၂၁၆ သန်း လျာထားကြောင်း၊ သာမန်ရငွေတွင် အဓိကရငွေများအနေဖြင့် ဆောင်ရွက်ပေးမှုမှ ရငွေများဖြစ်သည့် သွင်းကုန်လိုင်စင်ကြေး၊ သက်တမ်းတိုးကြေးများ၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကြေးများ၊ ကုန်ချကွင်းယာဉ်ဖြတ်သန်းခ၊ သို လှောင်ရုံငှားရမ်းခရငွေများအပြင် ပြည်ပအကူအညီရငွေ ကျပ် ၂၂၀ ဒသမ ၂၂၉ သန်း (အမေရိကန်ဒေါ်လာ ၁၅၉၅၈၆) ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ အသုံးစရိတ်များမှာ သာမန်အသုံးစရိတ် ကျပ် ၅၉၅၉ ဒသမ ၈၅၁သန်း၊ ငွေလုံးငွေရင်းအသုံး စရိတ်ကျပ် ၅၁၅ ဒသမ ၆၇၀ သန်း၊ ကြွေးမြီ အသုံးစရိတ် ကျပ် ၅၀ ဒသမ ၀၀၀ သန်းဖြစ်သည့်အတွက် စုစုပေါင်းအသုံးစရိတ် ကျပ် ၆၅၂၅ ဒသမ ၅၂၁ သန်းလျာထားခြင်းဖြစ်ကြောင်း၊ သာမန်အသုံးစရိတ်တွင် လစာနှင့် စရိတ်ချီးမြှင့်ငွေများ၊ ခရီးစရိတ်၊ လုပ်အားခများ၊ ငှားရမ်းခ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်၊ ပညာရေးနှင့် လူမှုရေးအသုံးစရိတ်များ စသည် ဖြင့်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၅၁၅ ဒသမ ၆၇၀ သန်းတွင် ဆောက်လုပ်ရေးခေါင်းစဉ်အတွက် ကျပ် ၃၀၁ ဒသမ ၄၈၀ သန်း၊ စက်ပစ္စည်းခေါင်းစဉ်အတွက် ကျပ် ၂၀၀ ဒသမ ၃၂၇ သန်း၊ အခြားခေါင်းစဉ်များအတွက် ကျပ် ၁၃ ဒသမ ၈၆၃ သန်းလျာထားကြောင်း ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းသည်။

Most Read

Most Recent