ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများကို တရားစွဲတင်ထားသည့်အမှုများအား အမှုပေါင်းစစ်သင့် မသင့် လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများကို တရားစွဲတင်ထားသည့်အမှုများအား အမှုပေါင်းစစ်သင့် မသင့် လာမည့်ရုံးချိန်းတွင် အမိန့်ချမည်
Published 18 January 2018

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများကို တရားစွဲတင်ထားသည့်အမှုများအား အမှုပေါင်းစစ်သင့် မသင့် လာမည့် ဇန်နဝါရီ ၂၄ ရက်နေ့ရုံးချိန်းတွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း လေးကြိမ်မြောက်ရုံးထုတ်ရာတွင် ဒက္ခိဏခရိုင်တရားသူကြီးက တရားခွင်အတွင်း ပြောကြားသည်။ ယင်းသို့ အမှုပေါင်းစစ်သင့် မသင့် အမိန့်ချမှတ်ခြင်းမှာ တရားစွဲတင်ထားသည့် အမှုများအား လျှော့ချခြင်းမဟုတ်ဘဲ အမှုစစ်ဆေးရန် လွယ်ကူအဆင်ပြေရန်အတွက် ပြဋ္ဌာန်းထားသည့် ဥပဒေပုဒ်မအရ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ခရိုင်တရားသူကြီးက ဆိုသည်။

“နှစ်ဖက်ရှေ့နေကနေ လျှောက်လဲချက်တင်ပေးတယ်။ နောက်တစ်ချိန်းကျရင်တော့ ခရိုင်တရားသူကြီးက အမိန့်ချပေးပါလိမ့်မယ်။ အမှုကိုပေါင်းစစ်သင့် မသင့်ပေါ့။ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ အရေးယူထားတဲ့ ရာကြီးနံပါတ် ၆/၂၀၁၆ ရယ် ၇/၂၀၁၈ နဲ့ပတ်သက်လို့ ပေါင်းစစ်သင့်တယ်လို့ ဥပဒေအရာရှိကြီးက ပြောတယ်။ တရားခံဘက်ကလိုက်တဲ့ ရှေ့နေတွေက ရာကြီးနံပါတ် ၁၁၅/၂၀၁၇ ရယ် ၁၁၈/၂၀၁၇ ရယ် မူးယစ်ဆေးဝါးနဲ့ အရေးယူတဲ့နှစ်မှုရယ်။ နောက်တစ်ခါ လက်နက်ဥပဒေအရရေးယူတဲ့ ၁၁၆/၂၀၁၇ ရယ် ၁၁၇/၂၀၁၇ ကို ပေါင်းစစ်သင့်တယ်ပေါ့။ ဆက်သွယ်ရေးဥပဒေအရအရေးယူတဲ့ ၂/ ၂၀၁၈ ရယ် ၃/၂၀၁၈ ရယ် အဲဒီနှစ်ခုကို ပေါင်းသင့်တယ်ပေါ့။ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ အရေးယူတဲ့ ၆/၂၀၁၈ ရယ် ၇/ ၂၀၁၈ ရယ်ပေါင်းပြီး အရေးယူသင့်တယ်လို့ လျှောက်လဲချက်တင်တယ်” ဟု ဒုတိယတရားသူကြီး ဦးခင်မောင်ထွေးက ပြောကြားသည်။

Most Read

Most Recent