မြန်မာနိုင်ငံ၏ ဌာနေလင်းတငှက်မျိုးစိတ်များ မျိုးသုဉ်းရန် အလွန်နီးကပ်နေပြီး နောက်ဆုံးအဆင့်ရောက်နေ

မြန်မာနိုင်ငံ၏ ဌာနေလင်းတငှက်မျိုးစိတ်များ မျိုးသုဉ်းရန် အလွန်နီးကပ်နေပြီး နောက်ဆုံးအဆင့်ရောက်နေ
Published 17 January 2018

မြန်မာနိုင်ငံရှိ မျိုးသုဉ်းလုနီး လင်းတမျိုးစိတ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဦးနိုင်လင်း WCS)

မြန်မာနိုင်ငံ၏ ဌာနေလင်းတငှက်မျိုးစိတ်များသည် မျိုးသုဉ်းရန် အလွန်နီးကပ်ပြီး နောက်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျက်စားနေထိုင်သော လင်းတမျိုးစိတ် ခြောက်မျိုးရှိပြီး ၎င်းတို့အနက် သုံးမျိုးမှာ ဆောင်းခိုငှက်များဖြစ်ကာ ကျန်သုံးမျိုးမှာ မြန်မာနိုင်ငံတွင် နေထိုင်ကျက်စားသော ဌာနေငှက်များ ဖြစ်ကြသည်။ ထိုဌာနေငှက်သုံးမျိုးသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်ပါ မျိုးသုဉ်းရန် အလွန်နီးကပ်နေသော အခြေအနေ (Critically Endangered) နှင့် ကြုံတွေ့နေရကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ ဦးနိုင်လင်းက ပြောကြားသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ ဌာနေလင်းတ ငှက်မျိုးစိတ်သုံးမျိုးရှိတယ်။ အဲဒါတွေက လင်းတမြီးရင်ဖြူ၊ နုတ်သီးလုံးချောလင်းတနဲ့ ဦးခေါင်းနီလင်းတပေါ့။ အခုတော့ အဲဒီလင်းတတွေ အကုန်လုံးတော်တော်လေးရှားသွားပြီ။ သိပ်မတွေ့ရတော့ဘူး။ အရင်ကတော့ မြန်မာနိုင်ငံနေရာအနှံ့မှာ တွေ့ရပေမယ့် အခုတော့ မြန်မာနိုင်ငံမြောက်ပိုင်း (ကချင်ပြည်နယ်)၊ အနောက်ပိုင်း (ရခိုင်နှင့် ချင်းဒေသ) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာပဲ တွေ့ရတော့တယ်။ မြန်မာနိုင်ငံမြောက်ပိုင်း ဟူးကောင်းဒေသနဲ့ အင်းတော်ကြီးဒေသတစ်ဝိုက်မှာတော့ နည်းနည်းပေါပေါများများ တွေ့ရသေးတယ်။ လင်းတတွေ အဲဒီလိုရှားလာတာက မြန်မာတစ်နိုင်ငံတည်းတော့မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာပါ အလွန်ရှားလာပြီး အခုဆိုရင် မျိုးသုဉ်းလုနီးပါးအခြေအနေကိုတောင် ရောက်လာပြီ။ ဒီအခြေအနေက နောက်ဆုံးအဆင့်လို့ ပြောရမှာပေါ့။ ဒီအဆင့်ပြီးရင် အဆင့်နှစ်ဆင့်ပဲရှိတော့တယ်။ အဲဒါက သဘာဝတောထဲမှာ လုံးဝပျောက်ကွယ်သွားတဲ့အဆင့် (တိရစ္ဆာန်ရုံတွေမှာတော့ ထိန်းသိမ်းမွေးမြူထားတာ ရှိရင်ရှိဦးမှာပေါ့) နဲ့ သဘာဝတောထဲမှာရော တိရစ္ဆာန်ရုံတွေမှာပါမရှိတော့ဘဲ ဒီကမ္ဘာပေါ်ကနေ လုံးဝပျောက်ကွယ်သွားတဲ့အဆင့်ပေါ့။ အခုနောက်ပိုင်းဆိုရင် ဒီလင်းတမျိုးစိတ်တွေကို တွေ့မြင်ရတာ တော်တော်လေးရှားသွားပြီ။ မြန်မာနိုင်ငံက တိရစ္ဆာန်ဥယျာဉ်မှာတောင်မှ ဒီလင်းတမျိုးစိတ်သုံးမျိုးကို မပြထားနိုင်ဘူး။ တိရစ္ဆာန်ဥယျာဉ်တွေမှာ ပြထားတဲ့လင်းတတွေက ဒီလင်းတတွေမဟုတ်ဘူး ဟိမဝန္တာလင်းတတွေ။ ဟိမဝန္တာလင်းတဆိုတာက မြန်မာနိုင်ငံရဲ့ ဌာနေလင်းတငှက်မျိုးစိတ်မဟုတ်ဘူး။ မြန်မာနိုင်ငံကို ဆောင်းခိုလာတဲ့လင်းတတွေ” ဟု ဦးနိုင်လင်းက ဆိုသည်။

အဆိုပါ လင်းတမျိုးစိတ်များသည် မျိုးသုဉ်းလုနီးပါးအခြေအနေသို့ ရောက်ရှိလာရသည့် အဓိကအကြောင်းရင်းများမှာ လင်းတငှက်များ နေထိုင်ရာနေရာများ ပျက်စီးဆုံးရှုံးသွားခြင်း၊ ၎င်းတို့ အသိုက်ဆောက်မျိုးပွားသည့် အပင်များဖျက်ဆီးခံရခြင်း (တောင်ယာခုတ်ခြင်း၊ တောမီးရှို့ခြင်း၊ သစ်ထုတ်လုပ်ခြင်း)၊ လူတို့၏ အကြောင်းအမျိုးမျိုးကြောင့် (ဖမ်းဆီးသတ်ဖြတ်ခြင်း)၊ အဆိပ်သင့်၍ သေဆုံးသောအကောင်များကို စားသုံးမိခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း သိရသည်။

“လင်းတတွေက တခြားငှက်တွေနဲ့မတူဘူး။ သူတိုရဲ့အသိုက်ကို သစ်ပင်အမြင့်ကြီးပေါ်မှာပဲ ဆောက်လုပ်ကြတယ်။ ဒီတော့တောင်ယာခုတ်တာတွေ၊ တောမီးရှို့တာတွေ၊ သစ်ထုတ်လုပ်ရေးတွေကြောင့် သစ်တောတွေပြုန်းတီးပြီး သစ်ပင်အမြင့်ကြီးတွေ၊ အကြီးကြီးတွေမရှိတော့တဲ့အခါ သူတိုရဲ့နေစရာနေရာ ပျောက်ကုန်တာပေါ့။ နောက်ပြီး သူတို့ကမျိုးပွားနှုန်းလည်း နည်းတယ်။ လင်းတတစ်စုံက အသိုက်တစ်သိုက်မှာ တစ်ဥပဲဥပြီး တစ်ကောင်ပဲပေါက်တယ်။ အဲဒီအကောင်ကလည်း အရွယ်ရောက်ဖို့ သုံးနှစ်ကနေ လေးနှစ်အထိကြာတယ်။ အဲဒီလင်းတတွေ အကောင်ရေနည်းသွားရတဲ့ အဓိကအချက်က အဆိပ်သင့်ပြီးသေတဲ့ အကောင်တွေကို စားမိရာကနေ သူတို့တွေရဲ့ ကျောက်ကပ်ပျက်စီးပြီး သေတာပေါ့။ အဲဒီလင်းတတွေကို အရင်က အိန္ဒိယနဲ့ နီပေါနိုင်ငံတွေမှာလည်း များများတွေ့ရပေမယ့် ၁၉၉၀ အစောပိုင်းလောက်ကစပြီး အကောင်ရေ သိသိသာသာ လျော့နည်းကျဆင်းသွားတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယ၊ နီပေါနဲ့ တချို့နိုင်ငံတွေမှာ ကျွဲတွေ၊ နွားတွေရောဂါဖြစ်တော့ အဲဒီကျွဲနွားတွေကို ရောဂါကာကွယ်ဆေး (အရောင်ကျဆေး) အဖြစ် Declofence (non-sterokdal anti-infla-mmatorydrug) ဆေးတွေထိုးပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီဆေးထိုးပြီးသေသွားတဲ့ ကျွဲနွားအသေတွေကို လင်းတတွေကစားမိတဲ့အခါ အဲဒီဆေးတွေကြောင့် သူတို့ရဲ့ကျောက်ကပ်တွေပျက်စီးပြီး သေကြတယ်။ ဒါကြောင့် အခုနောက်ပိုင်းဆိုရင် အဲဒီနိုင်ငံတွေမှာ Declofenac ကို တင်သွင်းခွင့် လုံးဝပိတ်လိုက်ကြတယ်။ မြန်မာနိုင်ငံက ကျွဲနွားတွေမှာတော့ အဲဒီဆေးသုံးတာမတွေ့ရသေးပါဘူး။ မြန်မာနိုင်ငံမှာ အဲဒီလင်းတတွေ ရှားပါးလာရတာကတော့ သူတို့နေတဲ့သစ်ပင်တွေ၊ သစ်တောတွေပြုန်းတီးမှုကြောင့်ပါ” ဟု ၎င်းကဆိုသည်။

ထိုလင်းတများကို မြန်မာနိုင်ငံအပြင် ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အာဖဂန်နစ္စတန်နှင့် အီရန်နိုင်ငံများတွင်ပါ တွေ့ရှိနိုင်သော်လည်း အကောင်ရေ သိသာစွာ လျော့နည်းကျဆင်းနေကြောင်း သိရသည်။

Most Recent