ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများ မယုံကြည်နိုင်လောက်အောင် ဖွံ့ဖြိုးမှု အားနည်းနေသည်ကို တွေ့ရသည့်အတွက် လာမည့်ဘတ်ဂျက်နှစ်တွင် ဖွံ့ဖြိုးရေးအတွက် ထည့်သွင်းရေးဆွဲပြီး ဆောင်ရွက်သွားမည်ဟုဆို

ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများ မယုံကြည်နိုင်လောက်အောင် ဖွံ့ဖြိုးမှု အားနည်းနေသည်ကို တွေ့ရသည့်အတွက် လာမည့်ဘတ်ဂျက်နှစ်တွင် ဖွံ့ဖြိုးရေးအတွက် ထည့်သွင်းရေးဆွဲပြီး ဆောင်ရွက်သွားမည်ဟုဆို
Published 16 January 2018

ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာအား တွေ့ရစဉ်

ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများမှာ မယုံကြည်နိုင်လောက်အောင် ဖွံ့ဖြိုးမှု အားနည်းနေသည်ကို တွေ့ရသည့်အတွက် လာမည့်ဘတ်ဂျက်နှစ်တွင် ဖွံ့ဖြိုးရေးအတွက် ထည့်သွင်းရေးဆွဲပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။

မြိတ်မြို့ ပုလဲရတနာခန်းမတွင် မြိတ်ဒေသရှိ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး တံငါလုပ်ငန်းများ အဓိက လုပ်ကိုင်နေသည့် ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာများမှာ အံ့မခန်းကို ဖွံ့ဖြိုးမှုအားနည်းနေသည်မှာ မိမိအနေဖြင့် မယုံကြည်နိုင်လောက်အောင် ဖြစ်ရကြောင်း ပြောကြားသည်။

ကျေးရွာတချို့မှာ ယုံကြည်စရာမရှိအောင် ဖွံ့ဖြိုးမှုအားနည်းနေသည်ကို ကိုယ်တိုင်မြင်တွေ့ ခဲ့ရသောကြောင့် နောက်လာမည့် နှစ်များတွင်လည်း ဖွံ့ဖြိုးမှုအပိုင်းများအတွက် ဘတ်ဂျက်ထည့်သွင်း ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

“ပြီးခဲ့တဲ့ အပတ်က ကျွန်မ ကျွန်းစုမြို့နယ်ကို သွားခဲ့တယ်။ ကျေးရွာလေးရွာလောက် ရောက်ခဲ့တယ်။ အဲဒီရွာတွေမှာ အလွန်အံ့မခန်းဖွံ့ဖြိုးမှု အားနည်းနေတာ တွေ့ရတယ်။ ကျွန်မစိတ်ထဲမှာ ယုံတောင် မယုံနိုင်ပါဘူး။ တချို့ကျောင်းလေးတွေဆို ပြိုကျပြဲကျနေတယ်။ ပင်လယ်ရွာတချို့ပါ ကုန်းတွင်းပိုင်းရွာတွေ မဟုတ်ပါဘူး။ တိုးတက်မှုအပိုင်း အတော်လေးကို အားနည်းနေတဲ့အတွက် ကျွန်မတို့ တိုင်းဒေသကြီး အစိုးရအနေဖြင့် လာမယ့်ဘတ်ဂျက်နှစ်မှာ လျာထားပြီး ဖွံ့ဖြိုးတိုးတက်စေဖို့ လုပ်ဆောင်ပေးမယ်လို့ ရည်ရွယ်ထားပါတယ်။ နောက်နှစ်တွေမှာလည်း ဖွံ့ဖြိုးမှု အားနည်းတဲ့ ကျေးရွာတွေကို သွားရောက်ပြီး ဘတ်ဂျက်မှာ ထည့်သွင်းရေးဆွဲပေးဖို့ စီစဉ်ထားပါတယ်။ တိုင်းဒေသကြီးအစိုးရ အနေဖြင့် ပရမ်းပတာ သွားနေခြင်း မဟုတ်ပါ။ ကျွန်မတို့မှာ Calendar ရှိတယ်။ Calendar ဆိုတာ ပြက္ခဒိန် ဖြစ်ပါတယ်။ ဒီပြက္ခဒိန်ကို ကျွန်မလည်း ရေးဆွဲတာ မဟုတ်ပါဘူး။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ရေးဆွဲထား ခြင်း ဖြစ်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။

တိုင်းဒေသကြီး အစိုးရအနေဖြင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်နေရမည့်အစား ယခင်အစိုးရလက်ထက်က လုပ်ခဲ့သည့် ချေးငွေများအတွက် အတိုးပေးနေရသည့် ငွေများကို ဆပ်နေရသည်မှာလည်း အခက်အခဲများစွာ ဖြစ်နေကြောင်း သိရသည်။

ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာများ ဆင်းရဲသွားရသည့် အကြောင်းရင်းမှာ ရေလုပ်ငန်း လုပ်ကိုင်သည့် တံငါသည်များအတွက် ငါးသယံဇာတ မရှိတော့ခြင်းမှာ အဓိကဖြစ်ကြောင်း၊ ငါးဖမ်းလှေကြီးများ စည်းကမ်းမဲ့ ကမ်းနီးသို့ ဝင်ဆွဲခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ထောက်ပြပြောကြားသည်။

“ကျေးလက်ဒေသက လူတွေက ဘာအကြောင်းကြောင့် အလုပ်အကိုင်တွေ ရှားပါးသွားရသလဲဆိုတဲ့ အချက်ကို ရှာရပါ့မယ်။ အရေးကြီးဆုံးက ဝါလတ် (တရွတ်ဆွဲ ငါးဖမ်းလှေကြီး) တွေက ကမ်းနီးကို ဝင်ရောက်ငါးဝင်ဖမ်းလို့ ဖြစ်တာပါ။ ပင်လယ်မှာ လူဦးရေ တစ်သောင်းလောက်ရှိတဲ့ ရွာလေးတစ်ရွာ အနေနှင့် ပင်လယ်မှာ ငါးဖမ်းအသက်မွေးဝမ်းကျောင်းတဲ့ အလုပ်ပဲရှိမယ်။ ဒါကို ဝါလတ်လှေကြီးတွေက ကမ်းနီးမှာ တရွတ်တိုက် ငါးဖမ်းသွားတော့ အားလုံး ဒုက္ခရောက်သွားတော့မယ်။ ဒါကိုအရေးတယူ ဆောင်ရွက်ပေးဖို့ လိုပါ့မယ်။ မိုးမလင်းကျွန်းဆိုတဲ့ တံငါရွာလေးကို ရောက်သွားတော့ ကျွန်တော်က ဒေသခံတွေကို မေးကြည့်တယ်။ ဘာအလုပ် လုပ်ကြသလဲပေါ့။ သူတို့က ပုစွန်ပိုက်လုပ်ငန်း လုပ်ကြတယ်။ အရင်တုန်းက နောက်ကျောမှာ နေမပူဘူး။ အခု ပုစွန်လေး နှစ်ပိဿာရဖို့ တစ်နေကုန် လုပ်တာတောင် မရတော့ဘူးလို့ ပြောတယ်။ ဒီနားမှာရှိတဲ့ ဝါလတ်ငါးဖမ်း လှေကြီးတွေက မနက် ၃ နာရီလောက်မှာ အစင်းရေ ၃၀ ကျော်လာပြီး တရွတ်တိုက် ဆွဲသွားတယ်။ မနက်ကျတော့ ပြန်ထွက်သွားတယ် ဒီလိုနဲ့ပဲ တံငါရွာတွေက ဒုက္ခရောက်လာကြတာ တွေ့ရတယ်။ ဒါကြောင့် အကျင့်ပျက်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ထိထိရောက်ရောက် အရေးယူဖို့ အချိန်တန်ပြီလို့ ပြောချင်ပါတယ်” ဟု မြိတ်ဒေသခံတစ်ဦးက ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ကျွန်းစုမြို့နယ် အတွင်းရှိ ဒေသခံများမှာ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည့် ရောက်ရှိလာစဉ် ကမ်းနီးသို့ ငါးဖမ်းလှေကြီးများ ဝင်ရောက် ဖမ်းဆီးနေသည့်အတွက် ရေရှည်တွင် ဒေသခံများ ဒုက္ခရောက်နိုင်ကြောင်း တင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ယခုအထိ ပင်လယ်ထဲတွင် ကမ်းနီးဝင်ဆွဲသည့် ငါးဖမ်းလှေကြီးများ၊ အမည်ဖုံးအုပ်ထားသည့် ငါးဖမ်းလှေများ၊ ကန့်သတ်ထားသည့် ရေပိုင်နက်များ အတွင်းသို့ ငါးဝင်ဖမ်းခြင်းများ ရှိနေကြောင်း သိရသည်။

ကျွန်းစုမြို့နယ်မှာ ငါးသယံဇာတများစွာ ထွက်ရှိသော်လည်း လုပ်ငန်းရှင်ကြီးများက အလွန်အကျွံ ထုတ်ယူသုံးစွဲမှုကိုသာ ခံနေရပြီး ငါးဈေးကွက်မှာလည်း မြန်မာနိုင်ငံတွင် တည်ရှိမနေကြောင်း သိရသည်။