ပခုက္ကူကြက်သွန်နီဈေးကွက်သို့ မိုးကြက်သွန်နီသစ်များ ဆက်လက်ဝင်ရောက်နေပြီး နယ်ဝယ်လက် နည်းပါးသွားသည့်အတွက် တစ်ပိဿာ အမြင့်ဆုံး ကျပ် ၁၆၀၀ သာရှိတော့ကြောင်း သိရ

ပခုက္ကူကြက်သွန်နီဈေးကွက်သို့ မိုးကြက်သွန်နီသစ်များ ဆက်လက်ဝင်ရောက်နေပြီး နယ်ဝယ်လက် နည်းပါးသွားသည့်အတွက် တစ်ပိဿာ အမြင့်ဆုံး ကျပ် ၁၆၀၀ သာရှိတော့ကြောင်း သိရ
Published 16 January 2018

ပခုက္ကူ ကြက်သွန်ဒိုင်အတွင်း ရောင်းဝယ်မှုပြုလုပ်ပြီးနောက် ကုန်စည်များသယ်ယူရန် ပြင်ဆင်နေသည့် လုပ်သားများအား တွေ့ရစဉ်

ပခုက္ကူ ကြက်သွန်နီဈေးကွက်သို့ ယခုဇန်နဝါရီလလယ်ပိုင်းတွင် မိုးကြက်သွန်နီသစ်များ ဆက်လက် ဝင်ရောက်နေပြီး နယ်ဝယ်လက် နည်းပါးသွားသည့်အတွက် တစ်ပိဿာ အမြင့်ဆုံး ၁၆၀၀ ကျပ်သာ ရှိတော့ကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။

ပခုက္ကူ ကြက်သွန်ဈေးကွက်တွင် ဇန်နဝါရီလ ပထမအတွင်း ကြက်သွန်နီ တစ်ပိဿာ အမြင့်ဆုံး ၃၂၀၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့သော်လည်း နေ့စဉ်ပိဿာချိန် ၄၀၀၀၀ မှ ၇၀၀၀၀ ခန့်အထိ ဝင်ရောက်လာသည့်အပြင် နယ်စုံဝယ်လက် နည်းပါးသွားသည့်အတွက် ဈေးနှုန်းပြန်လည် ကျဆင်းလာကြောင်း သိရ သည်။

လက်ရှိဈေးကွက်အတွင်း ဝင်ရောက်လာသည့် ကုန်းမြေစိုက် ကြက်သွန်နီသစ်များမှာ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုကြောင့် အရည်အသွေး ထိခိုက်ခဲ့သော်လည်း လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းများအရ တောင်သူများ အကျိုးအမြတ်ရှိကြောင်း သိရသည်။

“ဒီနေ့ ဇန်နဝါရီ ၁၅ ရက်မှာ ပိဿာချိန် ၄၀၀၀၀ လောက် ဝင်ပါတယ်။ နယ်စုံအဝယ် အတော်အေးသွားတယ်။ တခြားကြက်သွန်စိုက်တဲ့ နယ်တွေမှာလည်း ကြက်သွန်ပေါ်နေပြီဆိုတော့ ရောင်းလိုအားများလာတယ်။ အဝယ်က နည်းတယ်။ ရန်ကုန်ဈေးလည်း စကျနေပြီဆိုတော့ နယ်ဈေးကွက်မှာလည်း ဈေးကျလာတယ်” ဟု ပခုက္ကူမြို့မှ ကြက်သွန်နီ ရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးကျော်သန်းက ပြောကြားသည်။

ယခုဇန်နဝါရီ ၁၅ ရက် ပခုက္ကူသီးနှံဈေးကွက်တွင် ကြက်သွန်နီ ဂျွန်ကြီးတစ်ပိဿာ ၁၆၀၀-၁၆၅၀ ကျပ်၊ ဂျွန်လတ်တစ်ပိဿာ ၁၄၀၀-၁၅၀၀ ကျပ်နှင့် ဂျွန်သေးတစ်ပိဿာ ၈၀၀-၁၂၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးနှုန်းအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ပခုက္ကူကြက်သွန်နီဈေးကွက်တွင် သြဂုတ်လမှစ၍ နယ် ဝယ်လက်စုံလာသည့်အတွက် ဈေးနှုန်းဆက်တိုက် မြင့်တက်လာရာ တစ်ပိဿာ အမြင့်ဆုံး ၃၂၀၀ ကျပ်အထိ ရောင်းဝယ်ခဲ့ပြီး ယခု ၂၀၁၈ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းရောက်မှသာ ဈေးနှုန်းပြန်လည် ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

ပခုက္ကူ ကြက်သွန်နီ ဈေးကွက်တွင် လက်ကားရောင်းဝယ်မှု၌ ဈေးနှုန်းသိသာစွာ ကျဆင်းနေပြီ ဖြစ်သော်လည်း လက်လီဈေးကွက်တွင် ယခင်ဈေးနှုန်းအမြင့်ဖြင့် ဝယ်ယူထားသည့် ကုန်လက်ကျန် များပြားနေခြင်းကြောင့် ဈေးနှုန်းပြောင်းလဲမှု နည်းပါးနေကြောင်း သိရသည်။

“မြစ်ရေဝင် ကျွန်းမြေတွေမှာစိုက်တဲ့ ကြက်သွန်နီ အသစ်ကတော့ တောင်သူအတော်များများ ရောင်းပြီးကုန်ပါပြီ။ တချို့လှောင်ထားတဲ့ တောင်သူတော့ ရောင်းကြတုန်းပါ။ လက်ရှိဈေးနှုန်း တစ်ပိဿာ ၁၆၅၀ ကျပ်က တောင်သူအတွက် အဆင်ပြေပါသေးတယ်။ တစ်ပိဿာ ၁၀၀၀ ကျပ်အောက် ရောက်သွားရင်တော့ တောင်သူအတွက် စိုက်စရိတ်ထက် ပိုမြတ်ဖို့ ခက်ခဲပါတယ်” ဟု ရေစကြိုမြို့နယ် ကျော်ထင်ကုန်းရွာမှ ကိုဘိုညီက ပြောကြားသည်။

ကုန်းမြေများမှ ထွက်ရှိသည့် ကြက်သွန်နီများ ရောင်းဝယ်မှု ကုန်ဆုံးပြီးပါက ယောချောင်းကြက်သွန်နီသစ်များ ဝင်ရောက်လေ့ရှိပြီး ယခုနှစ် ယောချောင်းအတွင်း ကြက်သွန်နီ စိုက်ပျိုးပြီးချိန် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် ကြက်သွန်စိုက်ခင်းများ မျောပါပျက်စီးသွားသည့်အတွက် ကုန်ဝင်ရောက်မှု နောက်ကျနိုင်ကြောင်း သိရသည်။

ပခုက္ကူဒေသတစ်ဝိုက် ကြက်သွန်စိုက် တောင်သူများမှာ အချို့သောနှစ်များတွင် ကြက်သွန်ဈေးနှုန်း ကျဆင်းမှုကြောင့် အဆင်မပြေမှု ကြုံတွေ့ရပြီး ကြက်သွန်ဈေး ကောင်းမွန်သည့် ယခုနှစ်တွင် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် စိုက်ခင်းများ ပျက်စီးသည့်အတွက် စိုက်ပျိုးစရိတ်ဆုံးရှုံးမှု ကြုံတွေ့နေရသည်။