စစ်ကိုင်း (အင်းဝ) တံတားတွင် ၁၃ တန် အထက်ယာဉ်များ ဖြတ်သန်းခွင့်မပြုရန် တံတားအသုံးပြုခ ကောက်ခံရေးတင်ဒါ ရရှိသူအား သတိပေး

စစ်ကိုင်း (အင်းဝ) တံတားတွင် ၁၃ တန် အထက်ယာဉ်များ ဖြတ်သန်းခွင့်မပြုရန် တံတားအသုံးပြုခ ကောက်ခံရေးတင်ဒါ ရရှိသူအား သတိပေး
Published 16 January 2018

စစ်ကိုင်း (အင်းဝ) တံတားအား တွေ့ရစဉ်

စစ်ကိုင်း (အင်းဝ) တံတားအပေါ် ၁၃ တန်အထက်ယာဉ်များ ဖြတ်သန်းခွင့်မပြုရန် တံတားအသုံးပြုခ ကောက်ခံရေးတင်ဒါ ရရှိသူအား မြန်မာ့မီးရထားတိုင်း (၂) စီးပွားရေးဌာနမှ ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။

“အင်းဝတံတားပေါ် ၁၃ တန်အထက်ကားများ ဖြတ်သန်းသွားလာခွင့် မပြုဖို့ တင်ဒါရသူကို ဒီလ ၈ ရက်က မန်နေဂျာ စီးပွားရေးရုံးခန်းမှာ ခေါ်ယူသတိပေးတယ်။ တိုင်းတာဝန်ခံရုံးခန်းမှာ ၁၂ ရက်က ခေါ်ပြီး တင်ဒါစည်းမျဉ်းစည်းကမ်းကို လိုက်နာဖို့ ခံဝန်ကတိ လက်မှတ်ရေးထိုး ခိုင်းခဲ့ပါတယ်။ တင်ဒါစည်းကမ်းထဲမှာ ၁၃ တန်အထက်ယာဉ် တံတားပေါ် ဖြတ်သန်းခွင့် မရှိပါဘူး” ဟု မြန်မာ့မီးရထား တိုင်း (၂) စီးပွားရေးဌာန မန်နေဂျာ ဦးကျော်မိုးက ပြောကြားသည်။

စစ်ကိုင်းတံတား (အင်းဝ) ပေါ်တွင် ၁၃ တန်အထက် ယာဉ်ကြီးများ ညပိုင်းအချိန်များ၌ ဖြတ်သန်းသွားလာ နေကြောင်း စစ်ကိုင်းမြို့ခံများမှ လူမှုကွန်ရက် Facebook စာမျက်နှာများတွင် ဝေဖန်မှုများ ရှိနေသည်။

“ကျောက်တင်၊ မြေတင်ကားကြီးတွေ ညတိုင်းဖြတ်ပါတယ်။ ရတနာပုံတံတားက ဖြတ်သန်းခပိုများလို့ အင်းဝတံတားက ဖြတ်ကြတာ။ မြစ်ငယ်၊ ထုံးဘိုဘက်သွားတဲ့ကားတွေက အင်းဝတံတားပေါ်က သွားကြတယ်။ လုပ်ငန်းသုံးယာဉ်တွေ အများဆုံးဖြတ်တယ်” ဟု စစ်ကိုင်းတံတား (အင်းဝ) အနီးတကောင်း ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

စစ်ကိုင်းတံတား (အင်းဝ) အသုံးပြုခ ကောက်ခံရေး လုပ်ငန်းအတွက် မြန်မာ့မီးရထား စီးပွားရေးဌာနမှ လေလံတင် ရောင်းချရာငွေကျပ် သိန်း ၂၀၅၀ ရရှိခဲ့ကြောင်းသိရပြီး စစ်ကိုင်းတံတား (အင်းဝ) အသုံးပြုခကောက်ခွင့် လုပ်ငန်းလိုင်စင်ကို သုံးနှစ်တစ်ကြိမ် လေလံတင် ရောင်းချလျက်ရှိရာ ပြီးခဲ့သည့် နှစ်လေလံရရှိမှုမှာ တစ်နှစ်လျှင် ကျပ်သိန်း ၁၁၀၀ ဖြစ်ပြီး ၂၀၁၇ လေလံရရှိမှုမှာ တစ်နှစ်လျှင် ကျပ်သိန်း ၂၀၅၀ ဖြစ်သဖြင့် ယခင်နှစ် လေလံကြေး ရရှိမှုထက် ပိုမိုရရှိခဲ့သည်။

စစ်ကိုင်းတံတား (အင်းဝ) ကို ၁၉၂၇ ခုနှစ် စတင်ဆောက်လုပ်ခဲ့ကာ ၁၉၃၄ ခုနှစ်တွင် တည်ဆောက်မှု ပြီးစီးခဲ့ကြောင်း သမိုင်းမှတ်တမ်းအရ သိရပြီး ပထမဆုံး ဧရာဝတီမြစ်ကူးတံတားဖြစ်ကာ မီးရထားနှင့်ကား သွားလာနိုင်ပြီး သက်တမ်းအားဖြင့် ၈၃ နှစ် ကြာမြင့်ပြီဖြစ်သည်။