ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အသစ် ခန့်အပ်နိုင်ရေးအတွက် လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့သော်လည်း နိုင်ငံတော်သမ္မတထံမှ အမည်စာရင်းပေးပို့ရန် ဆက်စပ်လုပ်ငန်းများ ကျန်ရှိသောကြောင့်ဟုဆိုကာ လွှတ်တော်ရွှေ့ဆိုင်းခဲ့ရ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အသစ် ခန့်အပ်နိုင်ရေးအတွက် လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့သော်လည်း နိုင်ငံတော်သမ္မတထံမှ အမည်စာရင်းပေးပို့ရန် ဆက်စပ်လုပ်ငန်းများ ကျန်ရှိသောကြောင့်ဟုဆိုကာ လွှတ်တော်ရွှေ့ဆိုင်းခဲ့ရ
Published 16 January 2018

ဝန်ကြီးချုပ်ရာထူး လစ်လပ်နေလျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အသစ်တစ်ဦးအား ပြန်လည်ခန့်အပ်နိုင်ရေးအတွက် ဇန်နဝါရီ ၁၅ ရက်တွင် တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်း အဝေးခေါ်ယူခဲ့သော်လည်း နိုင်ငံတော်သမ္မတထံမှ ဝန်ကြီးချုပ် အမည်စာရင်းတင်သွင်းပေးပို့ရန် ဆက်စပ်လုပ်ငန်းများ ကျန်ရှိနေသေးသောကြောင့်ဟုဆိုကာ လွှတ်တော်မကျင်းပမီအချိန်မှာပင် လွှတ်တော်ရက်အား ဇန်နဝါရီ ၁၈ ရက် သို့ ရွှေ့ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။

ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီမှာကျန်းမာရေးကြောင့်ဟုဆိုကာ ဇန်နဝါရီလ ၉ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ရာထူးမှာ လစ်လပ်နေလျက်ရှိကြောင်း၊ ဝန်ကြီးချုပ်အသစ် ပြန်လည်ခန့်ထားနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံးမှ ဇန်နဝါရီလ ၁၀ ရက် ရက်စွဲဖြင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအား ဇန်နဝါရီ ၁၅ ရက်တွင် ၁/၂၀၁၈ လွှတ်တော်အရေးပေါ် အစည်းအဝေးခေါ်ယူနိုင်ရန် အကြောင်းကြားခဲ့ ကြောင်း၊ ယင်းကဲ့သို့ အကြောင်းကြားခဲ့သော်လည်း လွှတ်တော်မကျင်းပမီ အချိန်အတွင်းမှာပင် နိုင်ငံတော်သမ္မတရုံးမှ ဝန်ကြီးချုပ်အမည်စာရင်း တင်သွင်းပေးပို့နိုင်ရန်မှာ ဆက်စပ်လုပ်ငန်းများ ကျန်ရှိနေသေးသောကြောင့်ဟုဆိုကာ လွှတ်တော်အား ရက်ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

ရက်ရွှေ့ဆိုင်းခဲ့ရသည့် လွှတ်တော် အရေးပေါ်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်အတွင်း ဖြန့်ဝေထားသည့် လွှတ်တော် အခမ်းအနား အစီအစဉ် နံပါတ် (၅)တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် လစ်လပ်ရာထူးနေရာအတွက် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတ၏ အမည်စာရင်းအဆိုပြုချက်ကို လွှတ်တော်ဥက္ကဋ္ဌက ကြေညာခြင်းဟု ဖော်ပြထားကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ ရက်ရွှေ့ဆိုင်းရတဲ့ အကြောင်းအရင်းက ဒီနေ့က အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဧရာဝတီတိုင်းဒေသကြီးမှာ အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်နေရာ လစ်လပ်လျက်ရှိပါတယ်။ ဝန်ကြီးချုပ်နေရာ လစ်လပ်တဲ့အတွက်ကြောင့်မို့ ဝန်ကြီးချုပ်နေရာကို အမည်စာရင်း ထုတ်ပြန်ကြေညာဖို့ ဒီနေ့ အရေးပေါ်အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါတယ်။ အရေးပေါ်အစည်းအဝေး ၁/၂၀၁၈ ကျင်းပဖို့အတွက် ဒီနေ့ ပထမနေ့မှာပဲ။ ကျွန်တော်တို့ နိုင်ငံတော်သမ္မတဆီကနေ အမည်စာရင်းတင်သွင်းရမဲ့ ဆက်စပ်လုပ်ငန်းတွေပေါ့နော်။ အများကြီးကျန်ရှိနေတယ်။ အဲဒီဆက်စပ်လုပ်ငန်းများ ပြီးဆုံးမှသာလျှင် လွှတ်တော်ကို ပြန်လည်ကျင်းပမှာဖြစ်တဲ့အတွက်ကြောင့်မို့ ဇန်နဝါရီ ၁၈ ရက်၊  ကြာသပတေးနေ့ကို ပြောင်းရွှေ့ချိန်းဆိုရခြင်းဖြစ်ပါတယ်ခင်ဗျ။ အမှန်တကယ်ကတော့ နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းသူ သူ့ရဲ့အစိုးရအဖွဲ့ယန္တရားတစ်ခုကို မောင်းနှင်မယ့် အဓိကမိန်းပေါ့နော်။ မိန်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေဖြစ်ပါတယ်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ယောက်ကို ခန့်အပ်ဖို့အတွက်လည်း သူ့အနေနဲ့ ရွေးချယ်တဲ့ လုပ်ငန်းစဉ်တွေ မပြီးမပြတ်သေးတာလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဆက်စပ်လုပ်ငန်း များဆိုတဲ့ စကားလုံးကို ပြောဆိုရခြင်းဖြစ်ပါတယ်။ ဆက်စပ်လုပ်ငန်းဆိုတာ ရွေးချယ်ခြင်း လည်းဖြစ်နိုင်တယ်။ ကျွန်တော်တို့ဘက်ကို အမည်စာရင်းတင်သွင်းတဲ့အခါမှာ ကျွန်တော်တို့က ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ တင်ပို့တာလည်း ရှိနိုင်တယ်။ အဲဒီလိုအကြောင်းအရာတွေ အများကြီး ဆက်စပ်နေပါတယ်ခင်ဗျ”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောကြားသည်။

ဝန်ကြီးချုပ် အသစ်ခန့်အပ်မည့် အရေးပေါ်အစည်းအဝေးအား ပြည်သူများမှ စိတ်ဝင်စားမှု အလွန်များပြားနေပြီး လွှတ်တော်သို့ လာရောက်လေ့လာသူများပြားသဖြင့် လွှတ်တော်ခန်းမအပြင်တွင် ပရိုဂျက်တာများဖြင့်ပါ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ရသည်။

ဝန်ကြီးချုပ်အသစ် ခန့်အပ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတမှ လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ကိုယ်ရေးရာဇဝင်များကိုပါ လွှတ်တော်ရုံးမှတစ်ဆင့် တောင်းယူထားခဲ့ကြောင်း၊ ဝန်ကြီးချုပ်အသစ် နေရာအတွက် လက်ရှိအချိန်တွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူ ဦးအောင်ကျော်ခိုင်နှင့် လူမှု ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါက်တာလှမြတ်သွေးတို့မှာ ရေပန်းစားနေလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်နေရာ ရာထူးသာမက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး နေရာပါ လစ်လပ်လျက်ရှိပြီး ရေပန်းစားထွက်ပေါ်နေသည့် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင် ကျော်ခိုင်နှင့် လူမှုရေးဝန်ကြီးဒေါက်တာ လှမြတ်သွေးတို့ နှစ်ဦးအနက်မှ တစ်ဦးမှာ ဝန်ကြီးချုပ် ရာထူးခန့်အပ်ခံရပါက တိုင်းဒေသကြီး အစိုးရနှင့် တိုင်းဒေသကြီး လွှတ်တော်တွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း ပြည်သူများမှ ခန့်မှန်းလျက်ရှိကြသည်။